အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ညီညွှတ်ရေး ပြိုကွဲပျက်ဆီးစေသည့် အပြုအမူ၊ အပြောအဆိုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရရှိထားကြောင်း စွပ်စွဲပြီး ထုတ်ပယ်ခံခဲ့ရတဲ့ ၄ ဦးထဲက ရွှေပြည်သာမြို့နယ် ဗဟိုညီလာခံကိုယ်စားလှယ် ဦးသန့်ဇင်က သူ့တို့အပေါ် မဟုတ်မမှန်စွပ်စွဲပြီး လုပ်ကြံဇာတ်လမ်းစဉ် ထုတ်ပယ်တာသာဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
ရန်ကုန်မြို့၊ လသာမြို့နယ်၊ သံဈေးပလာဇာ ၈ လွှာက မြန်မာ့ဒီမိုကရက် သင်တန်းကျောင်းခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးသန့်ဇင်က အန်အယ်ဒီ လူကြီးတွေရဲ့ ထုတ်ပယ်မှုအပေါ် အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
“ဌာနချုပ်ရဲ့ အရှိန်အဝါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို သုံးပြီးတော့ ကိုယ့်ကိုကိုယ် တကယ့်ဆရာကြီးတွေလို သဘာကြီးတွေလို အုပ်စုဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်၊ အခုစွပ်စွဲခံရတဲ့ ၄ ယောက်က မှန်တာပြောရရင် သစ္စာစကားပါ၊ ဦးခင်မောင်ဝင်းနဲ့ ကျနော်မတွေ့တာ ၄ လကျော်ပါပြီ၊ စစ်ကိုင်းတိုင်းက အမျိုးသမီးဆိုရင် ရုပ်တောင်မမြင်ဖူးပါဘူး၊ ဦးခင်မောင်ရှိန်ဆိုတာ မနေ့ကမှ ကျနော်မြင်ဖူးပါတယ်၊ ဘယ်လိုမှ တွေ့ဆုံခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ပြောဆိုခြင်းလည်း ဘာမှမရှိပါဘူး၊ ဒီကိစ္စဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ လုပ်ကြံဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်”
မနေ့ကလည်း ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရသူ ဦးခင်မောင်ရှိန်ကလည်း ထုတ်ပယ်ခံရတဲ့အပေါ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကတော့ အဲဒီ ၄ ဦးကို ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျနော်တို့က အဖွဲ့အစည်းအနေနဲ့ ကျစ်လစ်သိပ်သည်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်၊ သူတို့လည်း သူတို့အခွင့်အရေးရှိတာနဲ့ ပတ်သက်လို့ ပြောစရာရှိတာ ဆိုခွင့်ပြောခွင့်ရှိပါတယ်၊ ကျနော်တို့က ဒါတွေလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး၊ ဒီအကြောင်းအခြင်းအရာပေါ် မူတည်ပြီးတော့လည်း ဒါပြန်လည်ပြီးတော့ အကျိုးအကြောင်းတွေ ပြန်လည်ဆင်ခြင်ဆောင်ရွက်ဖို့ လုပ်စရာရှိတာတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောပါ၊ သူတို့ဘက်က ပြောခွင့်ရှိပါတယ်၊ တောင်းဆိုခွင့်ရှိပါတယ်၊ အရေးဆိုခွင့်ရှိပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆောင်ရွက်တဲ့ အခွင့်အလမ်းတွေရှိပါတယ်”
NLD ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ရဲ့မတ်လ ၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်က ထုတ်ပယ်ခံရသူ ၄ ဦးကတော့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဦးသန့်ဇင် အပါအဝင် လသာမြို့နယ်က ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်က ဦးခင်မောင်ရှိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်က ဒေါ်မိမိကြီးတို့ ဖြစ်ပါတယ်။
