မုံရွာ NLD ကိုယ်စားလှယ်လောင်း အတွက် စက်ဘီစီးရေ ၁၀၀ နီးပါးနဲ့ မဲဆွယ်မည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်လောင်း ဦးညွန့်အောင် အောင်နိုင်ရေးအတွက် မုံရွာမြို့မှာရှိတဲ့ စက်ဘီးစီးအဖွဲ့တွေက လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စက်ဘီးအစီးရေ ၁၀၀ နီးပါးနဲ့ မဲဆွယ်စည်းရုံး ကြမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်(မုံရွာ) နဲ့ ပူးပေါင်းမဲဆွယ်မှာဖြစ်ပြီး တစ်ခြားစက်ဘီးစီးအဖွဲ့ေတွ၊ တကသ ကျောင်း သားတွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် စုစုပေါင်း စက်ဘီးအစီးရေ ၁၀၀ နီးပါးရှိနိုင်တယ်လို့ မဲဆွယ်ပွဲကို ဦးဆောင်စီစဉ်နေတဲ့ ဒေသခံ ကိုအောင်နေမျိုး က ပြောပါတယ်။

"မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ် မုံရွာပေါ့နော်၊ ပေါင်းပြီးတော့ လုပ်မှာပေါ့၊ NLD အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုးနဲ့ စက်ဘီးမြို့ကို ပတ်နင်းကြမှာ၊ တခြားဝါသနာပါတဲ့ စက်ဘီးစီး အုပ် စုလေးတွေလည်းပါကြမယ်၊ တကသကျောင်းသားတွေလည်း ပါဝင်ပူးပေါင်းပြီး နင်းမယ်လို့ပြောတယ်၊ အားလုံးပါင်း ၁၀၀ တန်း ပတ်ဝန်းကျင်တော့ ရောက်လိမ့်မယ်လို့ ထင်ပါတယ်၊ NLD အကျီ ဆင်တူဝတ်ကြ မယ်၊ အလံထောင်မယ်၊ စတေကာ ဝေမယ်၊ အဲ့လောက်ပဲ။"

လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီမှာ မုံရွာမြို့ ကားလေးကွင်းက စတင်ကာ မြို့တစ်ပတ် စီးနင်းမဲဆွယ်ကြမှာဖြစ်ပြီး အဲဒီအတွက် သက်ဆိုင်ရာကို ဒီနေ့ခွင့်ပြုချက်တင်ထားတယ်လို့ သိရပါတယ်။

မဲဆွယ်စည်းရုံးရေးမှာ ပါဝင်မယ့်သူအများစုက ကိုယ်ပိုင်တောင်တက်စက်ဘီးတွေနဲ့ လိုက်ပါကြမှာဖြစ်ပြီး စက်ဘီးမရှိသူတွေအတွက်လည်း စက်ဘီးတွေ စီစဉ်ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ကိုအောင်နေမျိုး က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင်ဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံရတာကြောင့် မုံရွာမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးညွန့်အောင်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ ၊ ပြည်သူ့ဒီမိုကရေစီပါတီ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ လည်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။