ဦးအောင်သောင်းအပေါ် အမေရိကန်အရေးယူမှု NLD နဲ့ မပတ်သက်ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား


2014.11.10
uaungthaung-305.jpg ပြည်သူ့လွှတ်တော်အမတ် အရင်စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းပုံ
Photo: pyithuhluttaw.gov.mm

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ နာယ က တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ် တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူတာဟာ NLD ပါတီနဲ့ အမေရိကန်အစိုးရတို့ ညှိနှိုင်းပြီး လုပ်ဆောင် ချက်ဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သက်ဆိုင်မှုမရှိကြောင်း ဒီနေ့ ပြောကြား လိုက်တာဖြစ်ပါတယ်။  

"ကျမတို့က ဒီကိစ္စနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် သူတို့ လုပ်ပြီးမှသိတာ၊ ကျမတို့နဲ့ တိုင်ပင်ပြီးတော့လုပ်တာ မဟုတ်ဘူး၊ နောက်ပြီးဒီလိုဟာမျိုးတွေဟာ ရှေ့မှာဆက်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးအတွက် သွားဖို့ လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကို ကျမတို့ကသိပ်ပြီးစိတ်မပါဘူး၊ ဘယ်သူ့ကိုမှအကျိုးမပြုဘူး၊ အခုအချိန်မှ ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင် တချိန်တခါတုန်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အဖွဲ့တွေတောင်မှ အဆင်ပြေအောင်လုပ်နေတဲ့အချိန်မှာ ဒီဟာတွေလုပ်တာဟာ နိုင်ငံကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ အဲ့ဒါပဲကြည့်ရမယ်၊ ဒါက NLD နဲ့ လုံးဝမဆိုင်ဘူး၊ ကျမတို့ကလည်း မသိဘူး၊ သူတို့ထုတ်ပြန်ပြီးမှပဲ ကျမတို့သိတာ၊ ကျမအစကတည်းကပြောပြီးပြီလေ၊ ကလဲ့စားချေဖို့ စိတ်ထဲမှာမရှိခဲ့ဘူး၊ ကလဲ့စားချေဖို့က အဓိကမဟုတ်ဘူး၊ ရင်ကြားစေ့ဖို့က အဓိက"

ဦးအောင်သောင်းကလည်း သူ့အပေါ် စီးပွားရေးပိတ်ဆို့အရေးယူအောင် သတင်းပေးတိုင်ကြားတာဟာ ပြိုင်ဘက်နိုင်ငံရေးပါတီတွေက မဖြစ်နိုင်ကြောင်း ပြောပါတယ်။

အမေရိကန်အစိုးရက ဦးအောင်သောင်းကို မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ နှောင့်ယှက်ဖျက်ဆီးနေသူဖြစ်တဲ့အတွက် အထူးပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲမှာ ထည့်သွင်းခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကထုတ်တဲ့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုအရေးယူချက်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် လိုက်ပြီး၊ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်လုပ်ငန်းကုမ္ပဏီတွေကိုလည်း ဦးအောင်သောင်းနဲ့ စီးပွားရေးလုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။