အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ဒီကနေ့ မနက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားခဲ့တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဇယား (၄) ပါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ် (Uphold ) ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတာဖြစ်ကြောင်း မနေ့က တွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ခုံရုံးရဲ့ ဒီသဘောထားအပေါ် NLD ပါတီရော ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူညီတာတွေ ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုလွှာနဲ့ ပတ်သက်ပြီး NLD က အကြံပြုချက်တွေ ထပ်မံပြုစုနေပြီး ဒီအချက်တွေကို လောလောဆယ်မှာ ပြောကြားနိုင်ခြင်း မရှိသေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒီအကြံပြုချက်တွေကို မနက်ဖြန်မှာ အခြေခံဥပဒေခုံရုံးကို ထပ်မံ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။
NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို အာအက်ဖ်အေက ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။