NLD ပါတီဝင်တွေ လွှွတ်တော်လေ့လာခွင့် ပိတ်ပင်ခံရ

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လေ့လာသူတွေ ဝင်ခွင့်မရပေမယ့် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လေ့လာသူတွေ ဝင်ရောက်လေ့လာခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၁၅ဝ နီးပါး ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဆင့်ဆင့်တားမြစ်မှုတွေ ကို ခံခဲ့ရပြီးနောက် ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ကို ဝင်ရောက်လေ့လာခွင့်မရပဲ ပြည်ထောင်စု လွှတ်တော်ကိုပဲ လေ့လာခွင့်ရခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးအရဆိုတဲ့ အကြောင်းပြချက်နဲ့ တားမြစ်ခံရ တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"လုံခြုံရေးအရဆိုပြီးမှ ဒါကျနော်တို့ကတော့ ဘယ်လောက်ထိ ပြေပြေလည်လည် ပြောလည်းဆိုရင် ဒီလိုအခြေအနေမျိုးက တစ်ခါမှလည်း ဖြစ်ပေါ်ခြင်းမရှိဘူး၊ ကျနော်တို့ တာဝန်ခံတယ်၊ တာဝန်ယူတယ်ဆိုတဲ့ အနေအထား လည်း လက်မခံဘူး၊ အတင်းအဓ္ဓမ တားဆီးနေတာလည်းဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ နိုင်ငံသားတွေရဲ့လွတ်လပ်စွာ သွားလာလှှုပ်ရှားခွင့်အပေါ်မှာလည်း ကန့်သတ်ထားတယ်၊ ဒီလိုပြောလည်း ကျနော်တို့ အခြေခံဥပဒေတွေ ကျနော်တို့ မသိပါဘူး၊ နားမလည်ပါဘူး၊ ကျနော်တို့ဟာ ဒီကောင်စီ အမိန့်ကိုပဲနာခံရပါတယ်၊ အဲ့ဒီအတွက်ကို ဘယ်နည်းနဲ့မှမဆို ကျနော်တို့ နားလည်ပေးပါ၊ ဒါနဲ့ပဲ ကျနော်တို့ အခြေခံဥပဒေလောက် လက်မခံတဲ့ ပုံစံမျိုးဖြစ်အောင် ပြန်ပြောတာဗျ၊ ဒီနေပြည်တော် ဒက္ခိဏသီရိခရိုင်က အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ပါးစပ်ကထွက်လာတာကိုလည်း ကျနော်တို့ အံ့သြစွာနဲ့ပဲကြားခဲ့ရတယ်"

လွှတ်တော်ကို လာရောက်လေ့လာသူတွေဟာ မနေ့က အမြန်လမ်း ၁၃၅ မိုင်မှာ စတင်တားဆီးခံရတာ ဖြစ်တယ် လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထဲရေးဝန်ကြီးဌာနကို သွားရောက်ရှင်းပြခဲ့ တာကြောင့် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးရဲ့ ထောက်ခံပေးမှုနဲ့ မနေ့ညက နေပြည်တော်မြို့ အဝင်ဂိတ် ထိရောက်ရှိခဲ့ပြီး မြို့အဝင်ဂိတ်မှာလည်း ထပ်မံတားဆီးခံခဲ့ရတယ်လို့ ဦးမင်းသူက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၁၅ဝ နီးပါးဟာ နေပြည်တော် မြို့တွင်းဝင်ခွင့် မရတာကြောင့် မနေ့ညက ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ရွာမှာ တည်းခိုခဲ့ရတယ်လို့ သိရပါတယ်။