NLD ကိုယ်စားလှယ်များ လွှတ်တော်တက်ဖို့ မသေချာ

ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ သတင်းရရှိပါတယ်။

NLD အတွင်းရေးမှူးနှင့် ပြောခွင့်ရ ဦးဉာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။

" ကျွန်တော်တို့ ၂၃ ရက်နေ့ လွှတ်တော်တက်ဖို့ဆိုတာ အဲဒီမှာ ကျမ်းသစ္စာကျိန်ဆိုရမယ်လေ။ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီးလို့ သူတို့ပြောတယ်။ အဲတော့ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ကတည်းက ကျွန်တော်တို့ မူဝါဒက လေးစားလိုက်နာမယ်။ ကျန်တဲ့ဥပဒေတွေကိုလည်း လေးစားလိုက်နာမယ်။ ကာကွယ်စောင့်ရှောက်တဲ့ဟာက ကျွန်တော်တို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်တို့ ဒီလိုမူဝါဒထားတယ်။ အခု အဲဒီအခက်အခဲလေးကို ကျွန်တော်တို့ ကြိုးစားဖြေရှင်းနေတယ်။ နိုင်ငံတော် သမ္မတနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ အဲဒီဟာ ပြေလည်သွားတာနဲ့ ကျွန်တော်တို့ တက်မယ်။ ၂၃ ရက်နေ့ ဆိုတာကတော့ အချိန်အားဖြင့် နည်းနည်းအကန့် အသတ်ရှိနေတော့ သိတ်မမီလောက်ဘူးလို့တော့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး တက်မယ် မတက်ဘူးဆိုတာကို ပြည်သူ့လွှတ်တော်ရုံးကို ဒီရက်ပိုင်းအတွင်း အကြောင်းကြားမယ်လို့ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00