တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတွေ၊ ပါတီတွေနဲ့ အဖွဲ့အစည်းအားလုံးက စိတ်ရှည်သည်းခံပြီး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ဒီနေ့မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ တော်လှန်ရေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဗဟန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
တပ်မတော်နဲ့ ပြည်သူတွေ သဟဇာတဖြစ်ရေးဟာ အရေးကြီးကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်အတိုင်း အားလုံးကလိုက်နာကြဖို့ကိုလည်း ဦးတင်ဦးက အခုလိုတိုက်တွန်းထားပါတယ်။
"တပ်မတော်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍမှာလည်း ဗိုလ်ချုပ်ရဲ့ ရှေးတုန်းကချမှတ်ခဲ့တဲ့ မူတွေအတိုင်းပေါ့၊ တပ်မတော်ဟာ ပြည်သူပြည်သားတွေရဲ့ သားသမီးဖြစ်တဲ့အားလျော်စွာ ပြည်သူပြည်သားတွေနဲ့ သဟဇာတဖြစ်ဖို့ကိစ္စ အကြောင်းအရာတွေ၊ နောက်တပ်မတော်ဟာ သီးခြားလူတန်းစားတရပ် မဟုတ်ဘူးပေါ့နော်၊ ပြည်သူပြည်သားတွေထဲက ပေါ်ပေါက်လာတဲ့ တပ်မတော်သာဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေနဲ့ တသားတည်းဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ကျနော်တို့ ဗိုလ်သင်တန်းကျောင်းဆင်း မိန့်ခွန်းတွေပေါ့နော်၊ အဲဒီဟာတွေကိုပဲ ကျနော်တို့ကိုးကားပြီးတော့ ပြောတာပါ"
ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ မတ္တီလာမြို့ အဓိကရုဏ်းအပါအဝင် မငြိမ်သက်မှုဖြစ်အောင် ဖန်တီးနေတာတွေကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတော်ရဲ့ အေးချမ်းသာယာရေးကိုရှေ့ရှုပြီး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
NLD နာယကကြီး ဦးတင်ဦးကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။