အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြုစုလို့ရတဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၅၉၁ ဦး ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။ အခုထုတ်ပြန်တဲ့ စာရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက် အထိ ကောက်ယူရရှိတဲ့ စာရင်းသာ ဖြစ်ပြီး ပြီးပြည့်စုံတဲ့ စာရင်း မဟုတ်သေးဘူးလို့ ဦးအုံးကြိုင်က ပြောပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အင်တာနက် စာမျက်နှာမှာတော့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၁၆၆၈ ဦး ရှိတယ်လို့ဖေါ်ပြထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ နိုင်ငံရေး အကျဉ်းသား စာရင်း စာအုပ်ကို ဒီကနေ့ကျင်းပတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အများ သိရှိအောင် ဝေငှခဲ့တယ်လို့ သိရပါတယ်။