NLD သာ အစိုးရဆိုရင် လူထုအားနဲ့ ငြိမ်းချမ်းရေးရယူမည်


2015.05.23
dassk-putao-305 ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာ မေလ ၂၃ ရက်နေ့ကကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သာ အစိုးရ ဖြစ်မယ်ဆိုရင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူသွားရမှာဖြစ်ကြောင်း ပြည်သူမပါပဲ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာ ဒီနေ့ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ မချမ်းဘော့ မြို့ခံတစ်ဦးက NLD သာ အစိုးရဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိပါသလဲ လို့ မေးမြန်းရာမှာ ဒေါ်အာင်ဆန်းစုကြည်က

"စစ်ပွဲတွေနဲ့ တိုက်ပွဲတွေနဲ့ ဟိုနေရာ ဒီနေရာဖြစ်နေတာပဲ၊ ကျမတို့ နိုင်ငံဟာလည်း ငြိမ်းချမ်းမှုမရှိသေးဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လို့ရှိရင်လည်း ငြိမ်းချမ်းဖို့ဆိုတာ ပြည်သူလူထုပါမှ ဖြစ်မယ်ဆိုတာ အခုကတည်းက ကျမပြောပါရစေ၊ အစိုးရတစ်ဖွဲ့တည်းကနေပြီးတော့ အားလုံးလုပ်ပေးမယ်လို့ ပြောတဲ့အဖွဲ့တွေကို ဘယ်တော့မှမဲမပေးနဲ့ အဲ့ဒါအာဏာရှင် အစိုးရပဲဖြစ်မှာပဲ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာဟာ အများကြီးပိုပြီးတော့ခက်ခဲတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျမတို့ရယူပြီးမှ ငြိမ်းချမ်းရေးရနိုင်မှာဆိုတာ အခုတော့ အားလုံးကိုနားလည်စေချင်တယ်"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ဒီမိုကရေစီအစိုးရ တင်မကဘဲ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရဖြစ်ဖို့အတွက် တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွား ရမှာ ဖြစ်တယ်လို့လည်း ပရိသတ်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲကို ပူတာအိုခရိုင်အပြင် မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်မြို့နယ်တွေက NLD ပါတီဝင်တွေ နဲ့ ဒေသခံတွေစုစုပေါင်း နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်မျိုးမင်း ပူတာအိုမြို့ကနေ ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲက အချက်တချို့ကို မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။