မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်

ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်"

တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။