NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို

ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ယှဉ်ပြိုင်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရ NLD ကိုယ်စားလှယ် ၄ ဦးကို တရားစွဲဆိုခဲ့အပြီးမှာ ဒေါ်ဖြူဖြူသင်းက အခုလို တန်ပြန် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ်ကနေ NLD ကိုယ်စားလှယ်နဲ့ ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ဒေါ်လဲ့လဲ့အေးဖြစ်ပြီး ဒေါ်ဖြူဖြူသင်း မဲဆွယ်ချိန်မှာ လူထုနဲ့ စကားပြောတာတွေဟာ ကြိုတင်ခွင့်ပြုချက် မယူခဲ့ဘူး ဆိုတဲ့အချက်၊ လူအုပ်နဲ့ အော်ဟစ်ကြတယ် ဆိုတဲ့အချက်၊ ခွင့်ပြုချက် မယူထားတဲ့ သီချင်းတွေ ဖွင့်တယ်ဆိုတဲ့ အချက်တွေ အပါအဝင် အချက်ပေါင်းများစွာနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဖြူဖြူသင်းကတော့ သူစည်းရုံးရေး လှည့်ချိန်မှာ လူထုက စကားခဏလောက် ပြောခဲ့ပါလို့ ဆိုတဲ့အတွက် အဲဒီရောက်တဲ့ နေရာမှာပဲ ပြောလိုက်ရတာမျိုး ရှိခဲ့သလို၊ သီချင်းဖွင့်တာတွေကလည်း လူထုက သူ့သဘောနဲ့သူ ဖွင့်တာဖြစ်ပြီး၊ သူညွှန်ကြားထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လူအုပ်နဲ့ အော်ဟစ်တဲ့ကိစ္စကလည်း လူထုက အော်တာဖြစ်ပြီး သူ့အနေနဲ့ ညွှန်ကြားထားတာ မဟုတ်သလို သူအနေနဲ့လည်း တားမြစ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

ဒေါ်ဖြူဖြူသင်းက ပြန်လည် တရားစွဲလိုက်တဲ့ အချက်ထဲမှာတော့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းရဲ့ မဲဆွယ်လက်ကမ်း ကြော်ငြာမှာ ကြံ့ခိုင်ရေးပါတီက ဘာသာရေး အဆောက်အဦတွေ ဆောက်ပေးတာ၊ လမ်းတွေ တည်ဆောက် ပြုပြင်ပေးတာတွေ ရေးသား ဖော်ပြထားတာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်ကို သူတို့ပါတီရဲ့ ဆောင်ရွက်ချက်အသွင် လိမ်ညာ မဲဆွယ်ခဲ့တယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ရဲ့ တရားစွဲမှုကို လာမယ့် မေလ (၄) ရက်နေ့ကျရင် နေပြည်တော်မှာ ကြားနာမှာဖြစ်ပြီး၊ NLD အမတ် ဒေါ်ဖြူဖြူသင်းရဲ့ တရားစွဲမှုကို ကြားနာမယ့်ရက်တော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေါ်ဖြူဖြူသင်းရဲ့ တရားစွဲမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးက ဒုတိယဗိုလ်မှူးကြီး စိုးကျော်ဦးက လက်ခံထားလိုက်တယ်လို့ သိရပါတယ်။