တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနဲ့ ပါတီဝင် ၂၃ ဦးဟာ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို လေ့လာရေးခရီး သွားရောက်ဖို့ ရှိနေပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးရာဌာနနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဦးတင့်ဇော်က ပြောပါတယ်။
"ကျနော်တို့ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီက အရင်ကတည်းက ဆက်ဆံရေးရှိတယ်လေ၊ နှစ်စဉ်နှစ်တိုင်းလည်း ဖိတ်ပါတယ်၊ အခုတခေါက်လည်းဖိတ်တာပေါ့၊ ၂၅ ယောက်လောက် သွားပါမယ်ခင်ဗျ၊ ပီကင်းမှာဆိုရင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာဌာနတို့၊ တရုတ်က တိုင်းဒေသကြီး ပြည်နယ်က ပါတီကအဖွဲ့တွေ၊ ဒေသ ဆိုင်ရာအဖွဲ့တွေ နောက်လေ့လာတဲ့နေရာတွေမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ပါမည်"
လေ့လာရေးခရီးမှာ လိုက်ပါမယ့်သူတွေကို ပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက မနေ့က ခေါ်ယူတွေ့ဆုံပြီး ရရှိလာမယ့်အတွေ့အကြုံ နဲ့ ဗဟုသုတတွေကို တခြားပါတီဝင်တွေကို ပြန်လည်မျှဝေဖို့၊ ခရီးစဉ်အတွင်း ပါတီရဲ့ဂုဏ်သိက္ခာမထိခိုက်အောင် အလေးထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်ရှိ ကြံခိုင်ဖွံ့ဖြိုးရေးပါတီဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပါတီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတယ်လို့ ဦးတင့်ဇော် က ပြောပါတယ်။
ဦးတင့်ဇော် ကို မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
