ကျောင်းသားသပိတ်စခန်းဖြိုခွင်းမှု ဥပဒေနဲ့ မညီကြောင်း NLD ပြော

လက်ပံတန်း ကျောင်းသားသပိတ်စခန်းကို ရိုက်နှက်ဖြိုခွင်း တာဟာ ဥပဒေနဲ့မညီကြောင်း အဲ့ဒီအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး တွေ့ရှိချက်တွေကို အများပြည် သူသိအောင် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တောင်းဆိုပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး သဘော ထားကြေညာချက်ကို NLD က ဒီနေ့ ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ မညီတဲ့ အကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ရည်ရွယ်ချက်က ဥပဒေနဲ့မညီသော အစိုးရ လုပ်တာတွေကို ထောက်ပြတဲ့ သဘောပါပါတယ်၊ သူတို့ဒီလိုအကြမ်းဖက်တာ ဥပဒေနဲ့မညီပါဘူး၊ ဥပဒေမှာ ဒီလိုရိုက်ခွင့်လည်း မပေးထားပါဘူး၊ အခု အဲ့လိုတွေဖြစ်တော့ ဥပဒေနဲ့ မညီညွတ်ကြောင်း၊ အမှန်တရားပေါ်အောင် စုံစမ်းစစ်ဆေးရေးဖွဲ့သင့်ကြောင်း၊ ဖွဲ့ပြီးတော့ တွေ့ရှိချက်ကိုလည်း အများပြည်သူ သိအောင်ထုတ်ပြန်သင့်ကြောင်း၊ အဲ့ဒါတွေကျနော်တို့ ကြေညာချက် ထုတ်တာပါ"

လက်ပံတန်းမြို့မှာခေတ္တရပ်နားခဲ့တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမူ ပင်မသပိတ် စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က မနေ့က အကြမ်းဖက်ဖြိုခွင်း ပြီး ကျောင်းသား ကျောင်းသူတွေအပါအဝင် သတင်းထောက်တွေ နဲ့ ဒေသခံပြည်သူ တစ်ရာကျော် လောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲမှုကို ဖေါ်ထုတ်အရေးယူပေးဖို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

အလားတူ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကလည်း လက်ပံတန်းမြို့က ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူ ပင်မသပိတ် စစ်ကြောင်းကို ရိုက်နှက်ဖြိုခွဲခဲ့တဲ့လုပ်ရပ် ကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။