ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာကို အရေးယူပေးဖို့ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ရွေးကောက်ပွဲကာလ နီးကပ်နေချိန်မှာ NLD ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရသလို ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ကိုလဲ အန္တရာယ်ပေးနိုင်တဲ့အတွက် စိုးရိမ်ကြောင်း ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။
"အမှုဖွင့်ထားလို့ ၄ ယောက်လည်းဖမ်းမိပြီ၊ စစ်ဆေးပြီးတော့ ဟုတ်တယ်သူတို့ကို မက်ကျန်းအဖွဲ့က ခေါင်းဆောင်က သူတို့ကိုလုပ်ခိုင်းပါတယ်ဆိုပြီးတော့ ပြောပါတယ်၊ ရဲကလည်းသူတို့အသေးစိတ်ထပ်စစ်ဆေးရဦးမယ်ဆိုလို့ ပြန် လွှတ်လိုက်ပါတယ်၊ ရှမ်းပြည်တစ်ခုတည်းမှမဟုတ်ဘူး၊ပြည်နယ်အသီးသီးမှာရှိတဲ့ လက်နက် ကိုင်တပ်တွေ အနေ နဲ့ ပြည်သူလူထုကိုရော၊ ပါတီတွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အနှောက်အယှက်ပေးမယ့် အနေအထား ရှိတယ်၊ ကိုယ်စားလှယ်လောင်းတွေကိုလည်းအန္တရယ်ပြုနိုင်တဲ့အနေအထားအများကြီးရှိပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နဲ့ ၂၁ ရက်နေ့တွေက နမ့်စန်မြို့က ကျေးရွာတချို့မှာ NLD ပါတီရဲ့ အလံတွေနဲ့ ဆိုင်းဘုတ်တွေကို မက်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ဝင်တွေ က ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
မက်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့က လေး ဦးကို နမ့်စန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပေမယ့် အသေးစိတ် ထပ်မံစုံစမ်းဖို့ ရှိတယ် ဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြည်နယ်တွေမှာ ပြည်သူ့စစ်အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတာဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းထားတာမို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုထားကြောင်း နဲ့ ပြည်နယ်အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကလည်း ဖြေရှင်းပေးဖို့ဆိုပြီး NLD ကြေညာချက်မှာ ပါရှိပါတယ်။
