ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသစ်အတွက် ပြည်သ့ူလွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ ရာထူးတာဝန်တွေအတွက် အမည်စာရင်းထွက်ပေါ်နေတာဟာ အတည် မဟုတ်သေးကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
အဲ့ဒီလို သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ မေးမြန်းရာမှာ အဲ့ဒီနေရာတွေ အတွက် ရွေးချယ်ထားပြီးတာမှန်ပေမယ့် ထွက်ပေါ်နေတဲ့ လူပုဂ္ဂိုလ်တွေကို အတည်ပြုမရသေးကြောင်း ဦးဝင်းထိန်က အခုလို ပြောပါတယ်။
"လူရွေးတာကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး သေသေချာချာ သတိထားပြီး စိစစ်ရွေးချယ် တယ်၊ ရွေးပုံရွေးနည်းကလည်း အမျိုးသားရင်ကြားစေ့ရေးရယ် နောက်တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြု မယ့် အခြားပါတီကပဲဖြစ်ဖြစ် အပြင်ကပုဂ္ဂိုလ်တွေဖြစ်ဖြစ် ပါမယ်ဆိုရင်အဲ့ဒီလူကိုရွေးတာ၊ ဒါရွေးတဲ့အခါမှာ သတိထားပြီးရွေးတယ်၊ နောက်တစ်ခုက ကြေညာဖို့ဆိုတာ တိုင်ပင်ရတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ်မှတ်မှုပါ"
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲ့ဒီစာရင်းထွက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြောစရာ မရှိကြောင်းနဲ့ မီဒီယာတွေကိုပြောတဲ့သူကိုသာ မေးမြန်းကြဖို့သာ ဖြေကြားပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် မြဝတီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းနဲ့ လွှတ်တော် ဒုဥက္ကဌ နေရာတွေအတွက် ANP ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ဦးနဲ့ တခြားပါတီတစ်ခုက ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးကို အဆိုပြုလျာထားကြောင်း NLD ပြောခွင့််ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို မနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း အခုလိုသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းမကိုင်တဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
