တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့အထိ ပြင်ဆင်ဖို့ကို ပြည်သူတွေက လက်ခံကြတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက အခုလိုပြောပါတယ်။
"ဘုံသဘောတူညီချက်ကတော့ ပြင်ဆင်ဖို့ပဲ၊ ကျမတို့အနေနဲ့ အဓိကချပြတာက လည်း ပြုပြင်ရေးပါပဲ၊ ပြင်ဆင်တဲ့နေရာမှာ တစ်ပိုဒ်ပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ တဝက်လေးပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ နည်းနည်းလေး ပိုပြီးလေးလေးနက်နက် ဖြစ်သွားတာကတော့ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသည်အထိ ပြင်ဆင်ရမယ် ဆိုတာကိုပဲ ပြည်သူအများစုက လက်ခံပါတယ်”
အဲဒီဆွေးနွေးပွဲကို တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ဟဲဟိုး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ ဟိုပုံး၊ ပင်းတယ၊ ဆီဆိုင်စတဲ့မြို့တွေက NLD အဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုတဲ့ ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်ကစပြီး မြန်မာတစ်နိုင်ငံလုံးက ခရိုင် ၆၆ခုမှာ ဒေသခံတွေနဲ့ တွေ့ဆုံကျင်းပနေတာဖြစ်ပါတယ်။
ဒီအတောအတွင်း NLD ပါတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရေးကော်မတီဝင် ရှေ့နေ ဦးအောင်သိန်းနဲ့အဖွဲ့ဟာ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေလှည့်ပြီး အခြေခံဥပဒေမှာ ပြင်ဆင်သင်တဲ့အချက်တွေကို ရှင်းလင်းဟောပြောနေသလို ပြင်ဆင်မလား အသစ်ရေးမလားဆိုတဲ့ သဘောထားတွေကိုလည်း ကောက်ခံနေပါတယ်။
ရှေ့နေ ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်