NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို တရားစွဲဆိုမည်


2014.11.19
htinlinoo-305 စာရေးဆရာ ထင်လင်းဦးပုံ
Photo:Htin Lwin Oo

စာပေဟောပြောပွဲတစ်ခုမှာ ဘာသာ၊ သာသနာကို ပုတ်ခတ်စော်ကား ဟောပြောခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာထင်လင်းဦးကို မြန်မာတစ်နိုင်ငံ လုံးဆိုင်ရာ ဝံသာနုရက္ခိတ အသင်းက စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ရဲ့ ညွှန်ကြားချက်နဲ့ တရားစွဲဆိုသွား မှာ ဖြစ်တယ်လို့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအသင်း ဥက္ကဌ ဦးမောင်မောင် က ပြောပါတယ်။

"အမျိုးဘာသာစောင့်ရှောက်ရေး ဆရာတော် ကြီးတွေက သြဝါဒကိုခံယူပြီးတော့ လုပ်ရတာ ဆိုတော့ အခုကိစ္စမှာ ဆရာတော်ကြီးတွေ စေ ခိုင်းသော်လည်းပဲ ကိုယ်တာဝန်နဲ့ကိုယ် တာဝန် သိစွာကျင့်သုံးရတဲ့သဘောပါပဲ၊ အထူးသဖြင့်တော့ တစ်နိုင်ငံလုံးမှာ ဒီကိစ္စကိုပြောနေတာ ဖြစ်နေ ပါတယ်၊ တခြားမလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာလည်း စိုးရိမ်ပါတယ်၊ နိုင်ငံရေးကိစ္စတွေ ဆက်နွယ်လာမှာလည်း စိုးရိမ်ပါတယ်၊ ဒါကြောင့်မို့လို့ အေးအေးချမ်းချမ်းပြီးသွားစေချင်တဲ့ ဆန္ဒနဲ့လုပ်တာပါ၊ ကျနော်တို့က မုန်းလို့လည်းလုပ်တာမဟုတ်ပါဘူး၊ ကျနော်တို့က နိုင်ငံရေးလည်း မပါစေချင်ပါဘူး၊ အဓိကကတော့ အမျိုးဘာသာ သာသနာကိုစော်ကားတာနဲ့ပတ်သက်ပြီး တက်လာတဲ့ဒေါသတွေပေါ့လေ၊ ဒါတွေလည်း ပြန့်မသွားအောင် ကျနော်တို့က ထိန်းထိန်းသိမ်း သိမ်းဖြစ်အောင်ပေါ့ ဒါလေးတွေစီစဉ်တာပါ"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှ စံပြကျေးရွာမှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးက ဘာသာ၊ သာသနာ၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့ တာ ဖြစ်ပါတယ်။

စာရေးဆရာ ထင်လင်းဦးက အဲဒီဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်အနေ နဲ့ ဟောပြောခဲ့တာမဟုတ်ပဲ စာရေးဆရာတစ်ယောက်အနေနဲ့ ဟောပြောခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း စာရေးဆရာထင်လင်းဦး ဟောပြောချက်တွေဟာ ပါတီရဲ့သဘောထား မဟုတ်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။