ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ ရှေ့လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ကော်မတီတစ်ခု ဖွဲ့စည်းသွားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတို့ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
အသေးစိတ်အချက်အလက်တွေ ဆုံးဖြတ်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဆွေးနွေးတဲ့အထဲပါဝင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျနော်တို့ အလုပ်အကောင်အထည်ဖော်ရေး ကော်မတီတစ်ခုဖွဲ့ဖို့ စဉ်းစားထားပါတယ်၊ ဒါကတိုင်းရင်းသား ပါတီတွေကိုလည်း ကိုယ်စားပြုရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လက်ရှိမြန်မာနိုင်ငံအရေးမှာ ဆက်လက်ပြီးတော့ သူကအရေးကြီးနေမှာပဲ၊ ပီအာလုပ်လည်း ဖွဲ့စည်းပုံပြင်ရမှာပဲ၊ အဲတော့ညီညီညွှတ်ညွှတ် သဘောထားတူညီတာရနိုင်ဖို့ အသေးစိတ်အချက်အလက်ကို အဲဒီ့ကော်မတီက စဉ်းစားဆုံးဖြတ်မှာ"
ဒီနေ့ပြုလုပ်တဲ့ အစည်းအဝေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီပါတီ၊ ကမန်တိုင်းရင်းသားပါတီ၊ မွန်ဒီမိုကရေစီပါတီ စတဲ့ တိုင်းရင်းသားပါတီတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတို့ တစ်လတစ်ကြိမ် ပုံမှန် တွေ့ဆုံဆွေးနွေးဖို့ကိုလည်း သဘောတူခဲ့တာကြောင့် အောက်တိုဘာလ ပထမအပတ်မှာ ထပ်မံတွေ့ဆုံကြ မှာ ဖြစ်တယ်လို့ သိရပါတယ်။
