NCA မှာ အဖွဲ့အားလုံးပါဝင်ရေး ကြိုးပမ်းပေးဖို့ NLD အစိုးရကို တိုက်တွန်း

ငြိမ်းချမ်းရေးလက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးလာဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကြိုးစားပေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ဒီကနေ့ ပိတ်ပွဲအခမ်းအနားအပြီးမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောတာဖြစ်ပါတယ်။

"လက်မှတ်မထိုးရသေးတဲ့အဖွဲ့နဲ့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေအတူကြားမှာ ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သူတို့အမြန်ဆုံး လက်မှတ်လာထိုးရေးကိစ္စတွေကိုလည်း လက်ရှိအစိုးရပေါ့နော်၊ သမ္မတ ဦးသိန်းစိန်အစိုးရမှာ တာဝန်ရှိနေတဲ့ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့ မေတ္တာရပ်ခံသလို NLD အနေနဲ့လည်း ဒါကိုဆောင်ရွက်ပေးဖို့ကိုတော့ ကျနော်တို့ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်၊ အဲ့ဒီအတွက်ကြောင့် လာမယ့်ညီလာခံမှာ သူတို့နဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေက အားလုံးပါလာနိုင်လိမ့်မယ်လို့ ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်လို့ ပြောချင်ပါတယ်"

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်ကကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့သာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မရေးထိုးရသေးတဲ့ အဖွဲ့တွေကြား စိတ်ဝမ်းမကွဲဖို့ အရေးကြီးတယ်ဆိုတာကို အခုလ ၁၂ ရက်က ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ ပထမနေ့မှာ ပြောကြား ထားပါတယ်။