သမ္မတနဲ့ ဒုသမ္မတလောင်းတွေကို အဆိုပြု


2016.03.10
htinkyaw-620.jpg ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဆိုတင်သွင်းတဲ့ ဦးထင်ကျော် ကို တွေ့ရစဉ်
.

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မနက်ပိုင်းက အဆိုပြုခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်း တို့ကို အဆိုပြုပြီး အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီက ဦးဟန်နရီ ဗန်ထီးယူနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အဆိုပြုခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်က ဦးဟန်နရီ ဗန်ထီးယူဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဥပဒေဘွဲ့ရသူဖြစ်ပြီး တပ်မတော်မှာ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ဖူးသူလို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ အဆိုပြုခဲ့တဲ့ ဦးထင်ကျော်ဟာ လက်ရှိ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို ဦးဆောင်နေသူ တစ်ဦးဖြစ်ပြီး ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးစပ်ဆုံးစာရင်းမှာပါသူလို့ သိရှိပါတယ်။

ဦးထင်ကျော်ဟာ စီးပွားရေးမဟာဘွဲ့ကို ရရှိထားသူဖြစ်သလို အင်္ဂလန်မှာလည်း ပညာတော်သင် သွားရောက်ဖူးသူလို့ သိရပါတယ်။ ဒါ့အပြင် ဦးထင်ကျော်ဟာ ဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်ပြီး ကွယ်လွန်သူ အန်အယ်လ်ဒီ ခေါင်းဆောင်ဟောင်း ဦးလွင်ရဲ့ သမီး လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ရဲ့ ခင်ပွန်း ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆိုတင်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းဟာ လက်ရှိ လားရှိူးမြို့နယ် မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော် ဥက္ကဌဟောင်းဖြစ်သလို ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေဘက်ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို စိစစ်ရွေးချယ်ရေးမယ့် အဖွဲ့မှာ ပါဝင်ကြမယ့်သူတွေ ကိုလည်း ရွေးချယ်အတည်ပြုကြပါတယ်။

ပြည်သူ့လွှတ်တော်က အဖွဲ့ဝင် တစ်ဦးကို ရွေးချယ်ရာမှာ အရင်က ဒုတိယသမ္မတလောင်းအဖြစ် ထင်ကြေးပေးခံရသူတွေထဲမှာပါတဲ့ ဒေါက်တာမျိုးအောင်ကို အတည်ပြုလိုက်ပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ အန်အယ်လ်ဒီပါတီက ဦးဘမျိုးသိန်းကို ရွေးချယ်လိုက်ပါတယ်။

သမ္မတနဲ့ ဒုတိယသမ္မတလောင်းတွေကို စိစစ်ရွေးချယ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ ၊ တပ်မတော်သားကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၇ ဦး ပါဝင်တာ ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေကလည်း ဒုတိယသမ္မတလောင်းတစ်ဦး တင်သွင်းခွင့်ရှိတာဖြစ်ပြီး အဲ့ဒီအစုအဖွဲ့က ဘယ်တော့တင်မယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

မနက်ဖြန် လွှတ်တော်အစည်းအဝေးတွေမှာ သမ္မတနဲ့ ဒုတိယသမ္မတလောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် တပ်မတော်မှာ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသလို အစိုးရဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ဖူးတဲ့ ဦးဟင်နရီ ဗန်ထီးယူ ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။