NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်


2013.05.08
nld-china-305.jpg တရုတ်နိုင်ငံကိုသွားမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များကို မေလ ဂ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်သူများနဲ့ အတူ တွေ့ရပုံ
photo: RFA/ Thiha Htun

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၂ ဦးဟာ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ဒီကနေ့နေ့လည်ပိုင်းက တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။

ဒီခရီးစဉ်ဟာ တရုတ်အစိုးရ ကွန်မြူနစ်ပါတီက NLD ပါတီကို သီးသန့်ဖိတ်ကြားတာဖြစ်တယ်လို့ ဒီခရီးစဉ်ကို ဦးဆောင်မယ့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညီပုက မြန်မာနိုင်ငံက မထွက်ခွာမီ RFA ကို အခုလိုပြောကြားခဲ့ပါတယ်။

“NLD ကို သူတို့ဦးစားပေးပြီး ဖိတ်တဲ့သဘောလို့ ကျနော် ဒီလိုပဲနားလည်ပါတယ်၊ အခုလို ကျနော်တို့ကို သူတို့ဦးစားပေးပြီး ဆက်ဆံတယ်၊ ကျနော်တို့ကလည်း ဒီဆက်ဆံလာတဲ့အပေါ် မှာ ပြန်ပြီးတော့ အလေးထားဆက်ဆံသွားမယ် ဆိုလို့ရှိရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပိုပြီးတော့ယုံကြည်မှုတွေ ရင်းနှီးဆက်ဆံမှုတွေဖြစ်လာပြီးတော့ ရေရှည်အကျိုးဖြစ်လိမ့်မယ်၊ နှစ်နိုင်ငံ အတွက်လည်း ပိုပြီးတော့အကျိုးရှိမယ့်လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်၊ ဒါဆိုအားလုံးအကျိုး ရှိနိုင်လာမယ်လို့ မျှော်လင့်ထားပါတယ်”

ဒီခရီးစဉ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း၊ ဦးကျော်မင်းတို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက အမျိုးသမီးအဖွဲ့၊လူငယ်အဖွဲ့တွေက ကော်မတီဝင်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ကိုယ်စားလှယ်တွေလည်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။