နိုင်ငံရေးတာဝန် တစ်ရပ်အဖြစ် အခြေခံဥပဒေကို လေ့လာဖို့ လိုအပ်


2014.07.06
dassk-nld-youth-conference-305 ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇူလိုင်လ ၅ ရက်နေ့က စတင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ နောက်ဆုံးနေ့ ဇူလိုင်လ ၆ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Zaw Win /RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် လူငယ် အားလုံး နိုင်ငံရေးတာဝန်တစ်ရပ် အဖြစ် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံး ဖတ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံနောက် ဆုံးနေ့ မှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခု လိုပြောကြားပြီး တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

"ကျမတို့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘာတွေပါလဲဆိုတာကို ကျမတို့ လူငယ်တွေသိဖို့ လိုပါတယ်၊ ပထမဆုံး တာဝန်တစ်ခုအနေနဲ့ ပေးအပ် တာနဲ့ ဒီညီလာခံကိုတက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အားလုံးဟာ အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံးဖတ်ကြပါ၊ နည်းနည်းပျင်းစရာကောင်းပါတယ်၊ မှန်ပါတယ် ဒါပေမဲ့ အလုပ်ဆိုတာ အမြဲပျော်စရာရယ်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဖတ်ပါ၊ မဖတ်ပဲနဲ့ နားမလည်ပဲနဲ့ ပြည် သူတွေကို ပြုပြင်ပါ ပြောင်းလဲပါလို့ တိုက်တွန်းတဲ့နေရာမှာဆိုလို့ရှိရင် အားနည်းပါတယ်၊ ၄၃၆ ကိုပဲ ဖတ်လို့မရပါဘူး၊ အဲ့ဒီလောက်နဲ့လည်း မပြီးသေးပါဘူး ဒီဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ဖတ်ရမယ်၊ ဒါဟာ နိုင်ငံရေးတာဝန်ပဲ"

ဒါ့အပြင် လူငယ်ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖြစ်ပေါ်လာပုံနဲ့ ပါတီရဲ့သမိုင်းကြောင်း ကို လေ့လာကြဖို့၊ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ နိုင်ငံသားကောင်းဖြစ်အောင် ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်ကြဖို့၊ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ မွေးမြူကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ် အဆင်ဆင့်က လူငယ်ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်ခဲ့ပြီး ညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

RFA သတင်းထောက်  မဝေယံမိုးမြင့်ရဲ့  သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။