ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်ဒီ ခေါင်းဆောင်တွေနဲ့ အခြား တာဝန်ယူလိုသူ အားလုံးအတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်တွေကို မဲစနစ်နဲ့ ခွဲဝေပေးခဲ့ပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေ တဦးစီရဲ့ ဓာတ်ပုံ၊ နာမယ်နဲ့ နောက် ကျခံနေတဲ့ အကျဉ်းထောင်၊ အဲဒါ ပါဝင်တဲ့ ကျွန်တော်တို့ ရင်ထိုး တံဆိပ်ကလေးတွေ လုပ်ထားပါတယ်။ အဲဒီ ရင်ထိုးတံဆိပ်လေးတွေကို ကျွန်တော်တို့ ခွက်ကြီး တခွက်ထဲမှာ ထည့်ထားပြီးတော့ အဲဒီ နှိုက်ယူပြီးတော့ ကိုယ် မဲကျတဲ့ နိုင်ငံရေး အကျဉ်းသားကို အမြန်ဆုံး ထိတွေ့ပြီးတော့ သူတို့ မိသားစုကိုပါ ကူညီ ပံ့ပိုးနိုင်ဖို့ အစီအစဉ်ပါ။ အဲဒီနေရာမှာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပြောတဲ့ အမှာအတိုင်း ဆိုလို့ရှိရင် ဒါဟာ ငွေကြေးတတ်နိုင်ဖို့ ပြောတာ မဟုတ်ပါဘူး၊ နှုတ်၏ စောင်မခြင်းပေါ့ဗျာ၊ သူတို့ အားပေးတယ် ဆိုရင်ကိုပဲ မိသားစုတွေ အားတက်ရတယ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အကျဉ်းသား လုပ်ဖော်ကိုင်ဖက်တွေလည်းပဲ ထောင်ထဲမှာ အားတက်မယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”
အခုလို နာမည်တပ်ပြီး တဦးချင်းစီက တာဝန်ယူ ကူညီဖို့ မဲဝေတာဟာ ပထမဆုံးဖြစ်ပြီး အဓိကအားဖြင့် တဦးချင်း အခြေအနေနဲ့ သူတို့အကြောင်း အများက သိရှိစေဖို့ ဖြစ်တယ်လို့ NLD နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးနိုင်းနိုင်းက ပြောပါတယ်။
“အကျဉ်းကျတွေကို ကျွန်တော်တို့ကတော့ NLD အနေနဲ့တော့ လစဉ် ပုံမှန် ကူညီမယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီ ကျွန်တော်တို့ ပုံမှန် ကူညီနေတာနဲ့ ထပ်လောင်းပြီးတော့ သူက ရုပ်ဝတ္ထုပစ္စည်း သော်လည်းကောင်း၊ ငွေကြေး သော်လည်းကောင်း ဒါမှ မဟုတ်လို့ ရှိရင်လည်းပဲ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လည်းကောင်း ဒီလို တက်ရောက်လာတဲ့ စေတနာရှိတဲ့ လူတွေကနေပြီးတော့ ရင်ထိုးလေးတွေ လုပ်ထားပေးတယ်ဗျ။ အကျဉ်းကျတွေအားလုံး၊ ကျွန်တော်တို့ ဆက်သွယ်လို့ ရတဲ့ အကျဉ်းကျတွေ အားလုံးရဲ့ နာမယ်နဲ့ ရင်ထိုးလေးတွေ၊ အဲဒီ ရင်ထိုးလေးတွေကို မဲနှိုက်တာပေါ့ဗျာ။ မဲကျလို့ရှိရင် သူတို့က တတ်နိုင်သမျှ မဲပေါက်တဲ့လူ၊ မဲနှိုက်တဲ့ လူတွေက မဲပေါက်တဲ့ အကျဉ်းသားကို ကူညီနိုင်အောင်ဆိုပြီး။ ကျွန်တော်တို့ လိပ်စာနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ လုပ်ပေးတယ်။”
ဒီကနေ့ ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ၃၀၀ နီးပါးလောက်အထိ မဲခွဲတာဝန်ယူပြီး ဖြစ်ကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဆက်လက်လုပ် ဆောင်သွားမယ်လို့ သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေအတွက် တာဝန်ယူလိုသူတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေတင်မကပဲ စေတနာရှင် ပြည်သူတွေလည်း ပါဝင်နိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် ရှိနေပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ NLD ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို ဆက်သွယ်ပြီး RFA မှ ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။