NLD ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်စတင်

NLD ပါတီရဲ့ စည်းရုံးရေးခရီးစဉ်တွေကို အောက်တိုဘာ ၁ ရက် ဒီကနေ့ ပြန်လည်စတင်ရာမှာ ဗဟို အလုပ်ကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်ပြီး အဖွဲ့ဝင်တွေ ဧရာဝတီတိုင်းကို ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဒီခရီးစဉ်ဟာ ဧရာဝတီတိုင်းကို တတိယအကြိမ် သွားရောက်တာ ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“ကိုကြည်ဝင်း ခေါင်းဆောင်ပါတယ်၊ နောက် မန်းညွန့်သိန်း ပါသွားပါတယ်။ နောက် ကျွန်တော်တို့ ဦးကျော်မြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အဲဒီ ဧရာဝတီတိုင်းကပါပဲ။ သူလည်း တိုင်း စည်းရုံးရေး ကော်မတီဝင်ပါပဲ။ သူလည်း ပါသွားပါတယ်။ အင်္ဂပူ၊ ကနောင်၊ မြန်အောင် အဲဒီ မြို့နယ်တွေက အဖွဲ့ဝင်တွေနဲ့ တွေ့မယ်၊ အဲ ရွေးကောက်ပွဲ ဘွိုင်းကောက်ကိစ္စတွေ ဆွေးနွေးကြပါမယ်။”

ဒီအတောအတွင်း မနေ့က စင်ကာပူနိုင်ငံမှာ မျက်လုံး ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ရောဂါသက်သာတာကြောင့် ဒီကနေ့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဆေးရုံကဆင်းပြီး ပြင်ပလူနာအဖြစ် ဆေးရုံကို ထပ်ပြရဦးမှာ ဖြစ်တဲ့အတွက် တပတ်ခန့်လောက်တော့ စင်ကာပူမှာ ကြာဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။