ဒီဥပဒေကို ပြည်သူနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ကြိုတင် အသိပေးပြီး ထုတ်ပြန်တာ မဟုတ်တဲ့ အတွက် ဥပဒေနဲ့မညီညွတ်ဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက "ဒီဘတ်ဂျက်ဆိုတာ ပြည်သူ့ ပိုက်ဆံဗျ။ နိုင်ငံ ပိုက်ဆံဆိုတာထက်ကို ပြည်သူ့ပိုက်ဆံ၊ ပြည်သူတွေကို အသိပေးပြီးမှ ဒါမှမဟုတ် ပြည်သူ့ ကိုယ်စားလှယ်တွေကို ဆွေးနွေးပြီးမှ ထုတ်သင့်တဲ့ဟာမျိုး။ အခုလို လုပ်တာဟာ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့မညီညွတ်ဘူးလို့ ကျနော်တို့ မြင်တယ်။ အထူး ရံပုံငွေကလည်း ကာကွယ်ရေး ဦးစီးချုပ်က အသုံးပြုရမဲ့ ရံပုံငွေ ဖြစ်နေတယ်။ နောက် အထူးရံပုံငွေ ဥပဒေကလည်း ငွေကြေး ပမာဏ အတိုင်းအဆ မရှိ သုံးလို့ရတဲ့ သဘော၊ နောက်တခုက အချိန် ကာလ အကန့်အသတ် မရှိဘူး၊ ဒီနှစ်ခုက တော်တော် ဆိုးဝါးပါတယ်။ နောက်တခုက ဒီဥပဒေမှာ သုံးစွဲတာကို စစ်ဆေး မေးမြန်းခွင့် မရှိဘူးလို့ ဆိုထားတော့ ဒါဟာ ပြည်သူ့ ဘဏ္ဍာကို ဒီလိုနည်းနဲ့ သုံးစွဲတာတော့ မမှန်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဘတ်ဂျက် အလို အရ ပြောရမယ် ဆိုရင်တော့ တပ် အသုံးစရိတ်ဟာ အလွန်အမင်းကို များပြားနေတယ်။" စစ်အစိုးရဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် တိုင်းပြည်မှာ ငွေကြေး ဘယ်လို သုံးစွဲမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က နိုင်ငံတော် ပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့တာပါ။ ဒီဥပဒေအပေါ် NLD က ဆန်းစစ် လေ့လာပြီး ပြည်သူကို အသိပေးဖို့ တာဝန်ရှိတဲ့ အတွက် အခုလို ထုတ်ပြန်တာလို့ဆိုပါတယ်။ အဲဒီဘတ်ဂျက် ဥပဒေအရ ပညာရေးနဲ့ကျန်းမာရေး အသုံးစရိတ်က အတော် နည်းပါးတဲ့အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့လဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ NLD ဒုဥက္ကဌ ဦးတင်ဦးနဲ့ ဆက်သွယ်မေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။
0:00 / 0:00
