NLD ပညာပေးခရီးစဉ် ဆက်လက်လှုပ်ရှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲမပေးဘဲ နေနိုင်ခွင့် ဥပဒေဆိုင်ရာ ပညာပေးခရီးစဉ်တွေကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ မနေ့က စတင်ခဲ့တဲ့ မွန်နဲ့ ကရင် ပြည်နယ် ခရီးစဉ်တွေမှာ ဒေသခံ NLD အဖွဲ့ဝင် တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အများစုဟာ ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းပဲ။ သူတို့ အဲဒီဥပဒေနဲ့ ဖတ်လည်းမဖတ်နိုင်ဘူး၊ ဥပဒေစာအုပ်လည်း ဝယ်မရနိုင်ဘူး။ အဲဒါကြောင့် ဘာမှကို မသိတာ။ ကျနော်တို့က စပြီးတော့ ဥပဒေဆိုင်ရာ၊ ရွေးကောက်ပွဲဆိုင်ရာ ပြောတာ ပထမဆုံးအကြိမ် ကြားဖူးခြင်းပဲ"

ဦးဉာဏ်ဝင်းနဲ့ အတူ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးနိုင်းနိုင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်ခင်စောဌေးနဲ့ လူငယ်ခေါင်းဆောင်တချို့ လိုက်ပါသွားတယ်လို့ သိရပါတယ်။ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ ကယားပြည်နယ် ခရီးစဉ်မှာတော့ အာဏာပိုင်တွေက လုံခြုံရေး တင်းကြပ်ထားတာကြောင့် ဒေသခံ NLD အဖွဲ့ဝင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

"ကယားပြည်နယ်မှာ ထူးထူးခြားခြား တွေ့ခဲ့ရတာကတော့ ရွေးကောက်ပွဲက တလတောင်မှ မလိုတော့တဲ့ကာလမှာ လုံခြုံရေးကတော့ အလွန်အမင်း တင်းကြပ်ထားတာ တွေ့ရတယ်။ ပြည်နယ်မြို့တော် ဖြစ်တဲ့ လွိုင်ကော်မှာ တည်းခိုခန်းက ၅ ခုပဲ ရှိတယ်။ ကျနော်တို့ကလည်း ရောက်တာက နောက်ကျသွားတယ်၊ အဲဒီမှာ ဘယ်တည်းခိုခန်းမှ တည်းခိုခွင့် မရတော့ဘူး။ သက်ဆိုင်ရာကနေပြီးတော့ ပိတ်ပင်ထားဟန် တူပါတယ်။ ဒါပေမယ့် ကျနော်တို့ကိုတော့ နိုင်ငံခြားသားတွေနဲ့ ပြည့်နေတယ်လို့ ပြောလွှတ်တယ်။ နောက် ထူးထူးခြားခြား ဘုန်းကြီးကျောင်းတွေမှာလည်းပဲ ဧည့်သည် တည်းခိုခွင့် ပိတ်ပင်ထားတယ်လို့ တွေ့တဲ့ဆရာတော်တွေက ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့တင်မကဘူး တခြား ဘုရားဖူးလာတဲ့ အဝေး ဧည့်သည်တွေတောင်မှ တည်းခိုဖို့ အခက်အခဲရှိနေတယ် ဆိုတာကို တွေ့ခဲ့ရတယ်"

ဦးအုန်းကြိုင်ဦးဆောင်တဲ့ NLD အဖွဲ့ဟာ ကယားပြည်နယ်မှာ တရက်သာ နေပြီး ပြန်လည် ထွက်ခွာခဲ့ရပါတယ်။ လက်ရှိ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ကို ရောက်နေပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံ အဖွဲ့ဝင်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။