စည်းရုံးရေးလုပ်ငန်း အားစိုက်လုပ်ဖို့ NLD ဆုံးဖြတ်

မြို့နယ်တွေမှာ ပါတီစည်းရုံးရေး လုပ်ငန်းတွေကို ပိုပြီး အားသွန် ဆောင်ရွက်ဖို့ မတ်လ ၇ ရက် တနင်္လာနေ့က ကျင်းပတဲ့ NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ ပုံမှန် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ နောက် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်းတို့၊ ကျွန်တော်တို့ပေါ့ဗျာ၊ ဒေါ်မေဝင်းမြင့်တို့၊ ဦးဝင်းမြင့်တို့၊ ဦးဟံသာမြင့်တို့၊ CEC တွေ စုံစုံညီညီ တက်ရောက်ကြတယ်၊ ဆွေးနွေးတာကတော့ ပါတီတွင်း ပြည်နယ်၊ တိုင်းတွေနဲ့ ဆွေးနွေးနေတဲ့ အချက်တွေ၊ စည်းရုံးရေး လုပ်ငန်းတွေ တိုးတက်ဖို့ ကိစ္စတွေ ဘာတွေ အဲဒီ ကျွန်တော်တို့ ပါတီတွင်း နိုင်ငံရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ကိစ္စတွေ၊ အဲဒါတွေပဲ ဆွေးနွေးကြပါတယ် ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာ နိုင်ငံတကာ တက္ကသိုလ် တချို့က ပါမောက္ခတွေ အပါအဝင် ကျောင်းသားကျောင်းသူတွေရဲ့ တယ်လီဖုန်းကတဆင့် ဆက်သွယ် မေးမြန်းချက်တွေကို ဖြေဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။