NLD ဗဟိုနဲ့ ပဲခူးတိုင်း မြို့နယ်အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ပဲခူးတိုင်း အတွင်းက မြို့နယ် စည်းရုံးရေး ကော်မတီဝင်တွေ၊ တိုင်း စည်းရုံးရေး ကော်မတီဝင်တွေ တွေ့ဆုံပွဲကို ဒီကနေ့မနက် ၁ဝ နာရီက ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာမှာ အဖွဲ့ချုပ်နဲ့ ပြည်သူတွေ ဆက်ဆံရေးဟာ ဘယ်လိုရှိသလဲ၊ ပြည်သူတွေရဲ့ အနေအထား ဘယ်လိုရှိသလဲ၊ အဖွဲ့ချုပ်ဝင်တွေ အနေနဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် ဘာတွေ လုပ်ပေးနိုင်သလဲ စတာတွေ သိလိုကြောင်း ပြောပါတယ်။

ဒီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေနဲ့ ဦးညွန့်ဝေ တို့လည်း တက်ရောက်ကြပြီး အခမ်းအနား သဘာပတိအဖြစ် ဦးတင်ဦး၊ အခမ်းအနားမှူး အဖြစ် ဦးဝင်းမြင့်တို့က ဆောင်ရွက်တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။

"ပဲခူးတိုင်း စည်းရုံးရေးကော်မီတီက အစီရင်ခံစာတင်ပါတယ်။ အဲဒီနောက် မြို့နယ်စည်း ခေါင်းဆောင်တွေက မြို့နယ်အလိုက် ဆောင်ရွက်နေတဲ့ လူမှု အထောက်အကူပြု လုပ်ငန်းနဲ့ တခြား ပြည်သူ့အကျိုးပြု လုပ်ငန်းတွေအကြောင်း၊ နိုင်ငံရေး စည်းရုံးရေး ဆောင်ရွက်ချက်တွေ အကြောင်း၊ နောက် သိချင်တဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အချက်တွေကို မေးမြန်းဆွေးနွေးကြပါတယ်"

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြုလုပ်တဲ့ ဒီ တွေ့ဆုံပွဲတွေဟာ ပြည်သူတွေရဲ့ သဘောထားကို သိရှိဖို့ ဆောင်ရွက်တဲ့ အစည်းအဝေး ဖြစ်တယ်လို့ သိရှိရပါတယ်။

တခြား ပြည်နယ်နဲ့တိုင်း အမှုဆောင်တွေနဲ့ ဗဟို အမှုဆောင်တွေ တွေ့ဆုံပွဲကို လာမယ့် ရက်တွေမှာ ကျင်းပသွားဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရှိရပါတယ်။