ဆင်းရဲနွမ်းပါးပြီး ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးသူငယ်တွေ အတွက် အဓိက ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။
သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျောင်းသားကျောင်းသူ ၂ဝ လောက်ကို ပညာဒါန အခမဲ့ သင်ကြားပေးဖို့အတွက် ကျနော်တို့ "အမေ့အိမ်" ဆိုတဲ့နာမည်နဲ့ စာသင်ကျောင်းလေး တကျောင်း၊ ဒီနေ့ ဖွင့်ပွဲကျင်းပတယ်။ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာဦးဝင်းတင်နဲ့ NLD ခေါင်းဆောင်တွေ၊ နောက် တခြား ပညာဒါန လုပ်ငန်းမှာ စိတ်ဝင်စားတဲ့ ကွန်ယက်အဖွဲ့က လူငယ်တွေ။ အဲဒီနားက ရပ်မိရပ်ဖတွေလည်း တက်ရောက်ကြတယ်
အခမ်းအနား တက်ရောက်သူတွေထဲမှာ NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ မဖြူဖြူသင်းနဲ့ လူငယ်ကွန်ယက်မှာ ပါဝင် လုပ်ဆောင်နေတဲ့ ကိုဖြိုးမင်းသိန်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီ အတောအတွင်း အဲဒီ စာသင်ကျောင်းဟာ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်လှစ်ခြင်းမပြုဖို့ တားမြစ်တဲ့ စာတစောင်ကို ပညာရေးဝန်ကြီးဌာနာက လှိုင်သာယာ NLD အဖွဲ့ဝင် ဦးအေးဘို ဆီကို မနေ့က ပေးပို့ အကြောင်းကြားခဲ့တယ်လို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး (ပညာ) ဦးကျော်ဝင်းမြင့်က မနေ့က ဦးမင်းလွင်ရယ်၊ ဦးဖြိုးမင်းသိန်းရယ်၊ ဦးအေးဘို ဆိုတဲ့ နာမည်တွေနဲ့ အဲဒီကျောင်းကို စာတစောင် ပို့ပါတယ်။ အဲဒီစာမှာ လူကြီးမင်း ပညာသင်ကြားမယ့် အစီအစဉ်ဟာ တဲ့၊ ဘာသာရပ် ကိုယ်ပိုင်သင်တန်း ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများအရ ကိုက်ညီမှု မရှိပါသဖြင့် ဖွင့်လှစ်သင်ကြားခွင့် မရှိပါကြောင်း အသိပေး အကြောင်းကြားပါတယ် တဲ့။ အဲဒီလို ပြောပါတယ်
ပညာရေး ဝန်ကြီးဌာနက ပေးပို့တဲ့ စာထဲမှာ ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးတွေကို နီးရာ အစိုးရ စာသင်ကျောင်းတွေမှာ သင်ကြားနိုင်ရေး ကူညီ ဆောင်ရွက်ပေးပါမယ် လို့လည်း ဖော်ပြထားပါတယ်။ ဦးအေးဘို အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီကျောင်းမှာ တာဝန်ယူ သင်ပြမယ့် စေတနာ ဆရာ၊ ဆရာမတွေကတော့ ဦးအေးဘို၊ ကိုဉာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူ၊ မမြင့်မြင့်အေး စသူတို့ ဖြစ်တယ်လို့ သိရပါတယ်။
