ငလျင်ဒဏ်သင့် ပြည်သူတွေကို NLD ကူညီမည်

ရှမ်းပြည်နယ်တောင်ပိုင်း တာလေမြို့က ငလျင် ဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ် ရုံးတွေကို ဒီကနေ့ ညွှန်ကြားလိုက်တဲ့အတွက် NLD ရှမ်းပြည်နယ် က မတ်လ ၂၈ ရက်နေ့မှာ စပြီး အကောင်အထည် ဖော်တော့မယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ရှမ်းပြည်နယ် တာဝန်ခံတဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့နေ့လည် တနာရီကမှ တိုင်းနဲ့ပြည်နယ်တွေ အကုန်လုံးကို စာဖြန့်လိုက်ပါတယ်။ ရှမ်းပြည်နယ်အနေနဲ့လည်း တာလေမှာ ရှိတဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးဖို့ လုပ်နေပြီ။ ဟိုကရှိတဲ့ လူတွေနဲ့လည်း ချိတ်ဆက်ထားပြီးပြီ။ ကွန်ယက်က လူတွေကလည်း အဲဒီအတွက် လှုံ့ဆော်နေကြပြီ"

ဒါ့အပြင် NLD အဖွဲ့ချုပ်က ဒီကနေ့ ကျင်းပတဲ့ ၆၆ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားမှာ မြေငလျင်ဒဏ် ခံလိုက်ရတဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသား ညီအကို မောင်နှမတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ တမိနစ် ငြိမ်သက်ပြီး မေတ္တာပို့ ဆုတောင်းကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ကျိုင်းတုံမြို့ခံ လူမှုရေးအသင်းတွေကလည်း အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ တာလေမြို့ကို ဒီနေ့ သွားရောက် လှူဒါန်းနေတယ်လို့ သိရပါတယ်။