မနက်ဖြန် နောက်ထပ ်ဆန်ကားတစီး ရောက်ရှိမှာဖြစ်ပြီး ဆန်တွေကို စတင်ဝေပေးမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
"ဒီနေ့ တနင်္ဂနွေနေ့ မနက်မှာ ဆန်ကားတစီး ရောက်သွားပြီ။ နောက်တစီးက လမ်းမှာ စက်နည်းနည်း ချွတ်ယွင်းနေလို့ မနက်ဖြန်မနက်မှာ ရောက်မယ်ပြောတယ်။ သူတို့နဲ့ အဆက်အသွယ်ရပြီး သူတို့ဆီ တက်သွားပြီ။ ဝေမယ့် အိပ်တွေရဲ့ တဝက်နီးပါး အိတ် ၇ ရာကို ကန်ပက်လက်မြို့နယ် ဥက္ကဌ ဦးစံခင်ရဲ့အိမ်မှာ သေသေချာချာ သိမ်းဆည်းထားတယ်။ ဆန်အိတ်ပေါင်း ၁၂၅ဝ ဖြန့်ဝေဖို့ရှိတယ်။ အားလုံးပေါင်း ကျပ် သိန်း ၂ ရာကျော်ဖိုး။ အဲဒါ မနက်ဖြန် စတင် ဝေခြမ်းနိုင်ဖို့အတွက် သူတို့ စတင်လုပ်နေတယ်။ မနက်ဖြန် စပြီး လိုအပ်တဲ့ ရွာတွေကို ဝေမယ်"
အဲဒီ အကူအညီပေးရေး အဖွဲ့နဲ့အတူ NLD က ကဗျာဆရာ ဖျာပုံနီလုံဦး၊ ချင်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ပူးဇော်ဘွဲ့နဲ့ လူငယ်တချို့နဲ့ အတူ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်လည်း လိုက်ပါသွားပါတယ်။
အလားတူ ချင်းပြည်နယ် ထန်တလန်မြို့နယ်က စားနပ်ရိက္ခာ ရှားပါးတဲ့ အိန္ဒိယနယ်စပ်အနီးက ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဆန်အကူအညီ ပေးဖို့အတွက် တခြားအဖွဲ့တဖွဲ့လည်း ရန်ကုန်မြို့ကနေ အဲဒီဒေသကို ဒီကနေ့ ထွက်ခွာသွားပြီလို့ သိရပါတယ်။
အဲဒီအဖွဲ့မှာ NLD ချင်းပြည်နယ် ဥက္ကဌ ပူးဗာလီယန်း နဲ့အတူ့ ဒီမိုကရက်ပါတီ- မြန်မာ က ဦးနေဖူးဘဆွေ၊ ဇိုမီး အမျိုးသားကွန်ဂရက် အဖွဲ့က ကိုတင်ဇာထန် တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အကျဉ်းသားတွေကို ကူညီနိုင်ဖို့ အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဦးသိန်းဟန်တို့ ဒီကနေ့ တောင်ကြီးမြို့ကို ရောက်ရှိနေပြီး ဥပဒေရေးရာအရ ကူညီ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဒေသခံ ရှေ့နေတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့က NLD အဖွဲ့ဝင် ရှေ့နေတွေ အပြင် တခြား ရှေ့နေတွေနဲ့ပါ တွေ့ဆုံပြီး ဥပဒေရေးရာတွေ၊ ကွန်ယက်ဖွဲ့ရေးတွေ ဆွေးနွေးခဲ့ကြကြောင်း ဦးအောင်သိန်းက RFA ကို ပြောပါတယ်။
NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က မြန်မာပြည် အနှံ့အပြားမှာ ရှိတဲ့ စေတနာ့ဝန်ထမ်း ရှေ့နေတွေကို တွေ့ဆုံဆွေးနွေး နေရာမှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်း မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေကို သွားရောက်ခဲ့ပြီး ဒေသခံ ရှေ့နေတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တောင်ကြီးမြို့က ရှေ့နေတွေနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဥပဒေအကြံပေး ဦးအောင်သိန်းကို ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
0:00 / 0:00
