အထူးအယူခံခွင့် ရရှိဖို့ NLD ပါတီ လျှောက်လဲမည်

NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ အထူးအယူခံ လက်ခံရေး လျှောက်လဲချက်ကို အခုလာမယ့် တနင်္လာနေ့ နေပြည်တော်မှာ တင်သွင်းဖို့ ရှိကြောင်း သိရပါတယ်။

အဲဒီလို တင်သွင်းဖို့အတွက် NLD ပါတီရဲ့ ရှေ့နေတွေ မနက်ဖြန်မှာ နေပြည်တော်ကို သွားကြမယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

"အထူးအယူခံ လက်ခံရေး လက်မခံရေး လျှောက်လဲချက် သဘက်ခါ တင်ရမယ်။ လျှောက်လဲချက်ပေးပြီးရင် အမိန့်က နောက်မှ ချမှာ။ ပုံမှန်အားဖြင့် တပတ်ဆယ်ရက်ကြာတယ်။ ဒါပေမယ့် အခု ဒီ့ထက် ပိုမြန်နိုင်တယ်။ အခုကာလမှာ အဲဒီလို အထူးအယူခံတွေ နေပြည်တော် တရားရုံးချုပ်မှာ အများကြီး တင်ထားတယ်၊ ဘယ်အမှုမှ မပေါ်ဘူး ဒီတမှုထဲပေါ်တယ်။ ဒါကြောင့် ကျနော်တို့က ဥပဒေအရ မျှော်လင့်ချက် ထားပါတယ်။ NLD ဟာ ပါတီတရပ် ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ထုတ်ထားတဲ့စည်းကမ်းတွေ ဖွဲ့စည်းပုံမှာ ပါတဲ့ စည်းကမ်းတွေ တခုမှ မဖောက်ဖျက်ဘူး။ ဒါ့ကြောင့် NLD ကို ရပ်တည်ခွင့် မရှိတော့ဘူးလို့ ဥပဒေ ထုတ်ပြန်ပြီးတော့ ပယ်ဖျက်တာဟာ မှားတယ်၊ ဥပဒေနဲ့ မညီဘူးလို့ ကျနော်တို့ ဒါကို ပြောမှာပါ"

၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ NLD ပါတီ တရားဝင် ရပ်တည်ခွင့် မရှိတော့ဘူးဆိုတဲ့ စစ်အစိုးရရဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်နိုင်ဖို့ NLD ပါတီက အခုလို တရားကြောင်းအရ ရင်ဆိုင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ဒီအတောအတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ကြာပတေးနေ့ညက ရုတ်တရက် ကျန်းမာရေးမကောင်း ဖြစ်ခဲ့တာကြောင့် လောလောဆယ် နေအိမ်မှာ အနားယူနေရကြောင်း သိရပါတယ်။

ကျန်းမာရေးမကောင်းတဲ့ကြားကပဲ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ မနေ့တုန်းက သွားရောက်တွေ့ဆုံပြီး နေအိမ်မှာပဲ တောက်လျှောက် အနားယူနေရတယ်လို့ NLD ဒု-ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။

အသက် (၆၅) နှစ် ကျော်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရချိန် ပြီးခဲ့တဲ့ ဧပြီလ တုန်းကလည်း နှလုံးရောဂါ ရှိမရှိ သိရအောင် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီး နေအိမ်မှာ အဖမ်းခံထားရစဉ် ၂၀၀၃ ခုနှစ် စက်တင်ဘာလ တုန်းကလည်း ရန်ကုန်မှာ ဆေးရုံတက် ကုသမှု ခံယူခဲ့ရဖူးပါတယ်။