မိဘမဲ့ကလေး တွေအတွက် စာရေးကိရိယာ လှူဒါန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ လူငယ် ကွန်ယက်အဖွဲ့တွေ ပေါင်းပြီး ချို့တဲ့သူ ကလေးတွေနဲ့ မိဘမဲ့ကလေး တထောင်ကျော်အတွက် စာအုပ်စာတမ်းနဲ့ စာရေး ကိရိယာတွေ ဒီကနေ့ စုပေါင်း လှူဒါန်းခဲ့ကြပါတယ်။

ရန်ကုန်တိုင်း သံလျင်မြို့က ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ သီလရှင်ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၃ ကျောင်းမှာ ပညာသင်နေတဲ့ မူလတန်း ကလေးတွေကို လှူဒါန်းခဲ့ကြတာပါ။ အဲဒီလို လှူဒါန်းရာမှာ ကလေးတွေကို အာဟာရ တိုက်ကျွေးပြီး မျက်လှည့်နဲ့ ပျော်ရွှင်စရာ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လူငယ်ကွန်ယက်တွေရဲ့ အခုလှုပ်ရှားမှုနဲ့ ပတ်သက်လို ကိုယ်တိုင် ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသား လူငယ်ကွန်ယက်အဖွဲ့က ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။

ကျနော်တို့ စာရေးကိရိယာတွေ လှူဒါန်းတယ်၊ အာဟာရ ကျွေးတယ်။ ပြီးတော့ ကိုစိုးမြတ်သူတို့ ဦးဆောင်တဲ့ နယ်စည်းမခြား လူရွှင်တော်များ အဖွဲ့ Clown Show ပေါ့။ Clown Show ဆိုတာ ကလေးတွေကို ရီစရာလေးတွေ လုပ်ပြတာပေါ့။ ပြီးတော့ မြန်မာပုံပြင် ပြောသူများအဖွဲ့က ကလေးတွေ စာရိတ္တမြင့်ဖို့ ပုံတွေ ပြောတယ်။ နောက် Game တွေ ကစားပေးတယ်။ အဖွဲ့ ၃ဝ ကျော်လောက်ရှိမယ်

အဲဒီအလှူနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သာကေတမြို့နယ် အဖွဲ့ဝင် ဒေါ်စမ်းနွဲ့ကလည်း အခုလို ပြောပြပါတယ်။

ကလေးတွေအတွက် ဗလာစာအုပ် တကျောင်းကို ၁ ထောင်ကျော်ကျော်လောက်ပေါ့။ ဘောပင်၊ ကွန်ပါထဲမှာ သုံးတဲ့ ထောက်ချွန်၊ ခဲတံ၊ ချွန်စက်၊ ခဲဖျက် အကုန်အစုံပေါ့

ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်သူ လူငယ်ပေါင်း အယောက်တရာကျော် ရှိပြီး ခန့်မှန်းခြေ လှူဒါန်းပစ္စည်း စုစုပေါင်း ကျပ်ငွေ ၈ သိန်းဖိုးလောက် ရှိမယ်လို့ သိရပါတယ်။