ပြည်သူ့စစ်မှုထမ်းဥပဒေကို NLD လူငယ်ကန့်ကွက်

စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြဌာန်းဖို့ မသင့်သေးတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) က ဇန်နဝါရီ ၂၄ ရက် မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

0:00 / 0:00

ဒီဥပဒေကြောင့် ပြည်တွင်း လူငယ်ထုကြားမှာ စိုးရိမ်သောက ရောက်နေကြပြီး၊ တိုင်းပြည်အနာဂတ် အတွက် ဆိုးဝါးစေနိုင်တယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ NLD လူငယ်တာဝန်ခံ (၁) ကိုမျိုးညွန့်က RFA ကို အခုလို ပြောပါတယ်။

“လူငယ်တွေကြားထဲမှာ ကြောက်ကြလန့်ကြတာတွေ ရှိတာပေါ့။ တချို့ကျတော့လည်း စစ်မှုမထမ်းရအောင် ထွက်ပြေးမယ်ပေါ့။ နောက်လူငယ်တွေကျတော့လည်း ဘာဖြစ်လဲ သေနတ်ရလို့ရှိရင် သေနတ်ပြောင်း ပြန်လှည့်မယ်ပေါ့။ ပြန်ချမယ်ပေါ့။ ဒါမျိုးလေးတွေ ကျွန်တော်တို့ မြင်ရတယ်။ ဒါရှေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့ လက္ခဏာလေးတွေ တွေ့ရတယ်ဗျ။ ဒီဟာကြောင့် ကျွန်တော်တို့က ဒီဥစ္စာကို ကျွန်တော်တို့အနေနဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ရတာပါ။”

မြန်မာနိုင်ငံအတွက် စစ်မှု မထမ်းမနေရ ဥပဒေ တကယ်လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ပညာရှင်တွေက လိုအပ်တယ်လို့ ယူဆရင်တောင် ပြည်သူ့ဆန္ဒ တောင်းခံပြီးမှ ပြဌာန်းသင့်တယ်လို့လည်း NLD လူငယ်အဖွဲ့က ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အလားအလာ တွေ့ရတယ်လို့လည်း ဝေဖန်သုံးသပ်ထားပါတယ်။

စစ်အစိုးရဟာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြည့်သူ့ စစ်မှုထမ်း ဥပဒေလို့ နာမည်တပ်ပြီး နိုင်ငံတော် ပြန်တမ်းအဖြစ် ၂၀၁၀ ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်