မွန်ပြည်သစ်ပါတီ NMSP က တပ်ဖွဲ့တချို့နဲ့ အစိုးရတပ်ဖွဲ့တချို့ဟာ မနေ့ညက တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့တပ်မှူး တမော့ချမ်းက ထုတ်ပြန် ပြောကြားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ တစ်နာရီခရီးအကွာမှာရှိတဲ့ မြိတ်ခရိုင်ထဲက ရတနာပုံနဲ့ မဏ္ဍိုင်အကြား ရွာသစ်တည်ဆောက်နေတဲ့ သုမင်္ဂလာရွာအနီးက မွန်ပြည်သစ်ပါတီရဲ့တပ်စခန်းကို အစိုးရတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ တပ်မှူးတစ်ဦးဖြစ်တဲ့ တမော့ချမ်း က RFA ကို ပြောပါတယ်။
"မနေ့ညက ၁ ဝ နာရီ ၃ ဝ မှာ မွန်ပြည်သစ်ပါတီရဲ့စခန်းကို ဝ င်လာတယ်၊ ဒီနယ်စပ်နဲ့ အဲ့ဒီဖြစ်တဲ့နေရာနဲ့ တစ်နာရီလောက်ရှိတယ်။ အဲ့ဒီမှာ ပြည်သူရဲ့ လုံခြုံရေးတပ်ချထားတယ်၊ ဒေသဖွံ့ဖြိုးရေးသဘောနဲ့ ဒီမှာရွာတည်တာရှိတယ်။ ကြားမှာလည်း လုံခြုံရေးတပ်ချထားတယ်၊ အဲ့ဒီမှာ ဝ င်လာပြီးတော့ ကင်းနဲ့ပဲ ပစ်ကြတယ်၊ ကင်းနှစ်ယောက် ကျဆုံးသွားတယ်၊ ကာဘိုင် ၂ လက်လည်း ရသွားတယ်၊ စစ်တပ်က သတင်းရတာက တစ်ယောက်က ကျဆုံးတယ်၊ ဒဏ်ရာက လေးယောက်၊ သူတို့တက်လာလည်း အကြောင်းမကြားဘူး တမင်ပဲလာတိုက်တာ၊ ပြီးတော့တပ်မှာ အလံထူထားတယ် အဲ့ဒါအလံလည်း ခုတ်ဖြတ်ပြီးတော့ အဲ့ဒါ မီးရှို့လိုက်တယ်၊ အဲ့ဒီ ဒေသခံတစ်ယောက် နှစ်ယောက်လဲ သူတို့ခေါ်ထားတယ် ခုထိမလွတ်သေးဘူး"
မွန်ပြည်သစ်ပါတီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တပ်ဟာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချူပ် (စကခ) ၂ဝ လက်အောက်ခံ ခမရ ၅၈၁ တပ်ရင်းက ဗိုလ်ကြီး နေမျိုး ဦးစီးတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့နေရာဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး မဏ္ဍိုင်မြို့နယ်က စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားထားပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေချိန်မှာ အစိုးရတပ်တွေက တစ်စုံတစ်ရာ အသိပေးခြင်းမရှိပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ NMSP တပ်မှူး တမော့ချမ်းက ပြောပါတယ်။
"ဒေသဖွံ့ဖြိုးရေးပေါ့ ဒီမှာလုပ်ထားတာရှိတယ်၊ အခုမှ စလုပ်နေတုန်းပဲ၊ အခု နွေပေါက်မှ အိမ်တွေဘာတွေ စတည်တယ်၊ အခု အိမ် ၂ဝ လောက်ပဲ ရှိသေးတယ်၊ ၆ လလောက်ရှိနေပြီး၊ သူတို့နဲ့ ပြသနာတွေဘာတွေမရှိခဲ့ဘူး၊ ဒီမှာဒေသဖွံ့ဖြိုးရေးလုပ်ဖို့ဆိုပြီး အလံလည်းထူထားတယ်၊ ကျနော်တို့လည်း ဟိုမှာမဏ္ဍိုင် စရဖနဲ့လဲ သွားဆွေးနွေးထားတာရှိတယ်၊ အဲ့ဒီမှာလည်း ပြောထားတယ်၊ ရွာတည်ဖို့ဘာဖို့၊ အကြောင်းရှိရင် စာတွေဘာတွေပေးပြီးတော့ ပြသနာမဖြစ်အောင်လို့ ဆွေးနွေးစရာရှိ ဆွေးနွေးလို့ရတယ်၊ စာတွေဘာတွေရေးထားတယ် ကြား အခုတော့ သူတို့သတင်းမပေးဘူး ဝ င်လာတယ်"
လောလောဆယ်မှာတော့ မွန်ပြည်သစ်ပါတီဖက်ကနေပြီး သူတို့အခြေစိုက်ထားတဲ့စခန်းကနေ ဆုတ်ခွာပေးလိုက်ပြီဖြစ်ပေမယ့် အစိုးရတပ်ဖက်က စစ်အင်အားတွေထပ်တိုးပြီး လှုပ်ရှားစစ်ကြောင်းတွေ တိုးချဲ့လာတဲ့အတွက် စစ်ရေးတင်းမာတဲ့ပုံစံ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတပ်ဖက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချူပ် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မွန်ပြည်သစ်ပါတီရဲ့ ဗဟိုဌာနချူပ်က တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားဖို့ မွန်တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားတယ်လို့ တပ်မှူး တမော့ချမ်းက ပြောပါတယ်။
မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။