တပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ မွန်ပြည်သစ်ပါတီ သဘောမကျ

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာအစိုးရက အသစ်ထပ်မံ တင်သွင်းဆွေးနွေးလာတဲ့ တပ်ပိုင်းဆိုင်ရာ စစ်ရေးထိန်းချုပ်မှုတွေကို မွန်ပြည်သစ်ပါတီက သဘောမကျဘူးလို့ အရေးပေါ်ကျင်းပတဲ့ ပါတီဗဟို ကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

နိုဝင်ဘာလ(၁၃)ရက်ကနေ (၁၅)ရက်နေ့အထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှာကျင်းပတဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေ အဓိကအားဖြင့် အကြောင်းအရာနှစ်ရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ရာမှာ တာဝန်ရာထူးအပြောင်းအလဲနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စမှာ မြန်မာအစိုးရရဲ့ သဘောထားတွေအပေါ်ကို မွန်ပြည်သစ်ပါတီကစိစစ်ပြီး မိမိတို့သဘောထားတွေကို ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ဒီအထဲမှာ မြန်မာအစိုးရရဲ့ တပ်ပိုင်းဆိုင်ရာ ဖြည့်စွက်ထိန်းချုပ်မှုတွေကို ပါတီအနေနဲ့ သဘောမကျကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌသစ် နိုင်ဟံသာက အခုလိုပြောပါတယ်။

" အဓိကအားဖြင့်ကတော့ ဒီအပစ်အခတ်ရပ်စဲရေးလုပ်တုန်းက ပြည်နယ်မှာရော ပြည်ထောင်စုအဆင့်မှာရော မပါဝင်ခဲ့တဲ့အချက်တွေကို ဒီနောက်ပိုင်းမှာ တပ်ဘက်ကနေပြီးတော့မှ ဖြည့်စွက်လာတဲ့ အချက်တွေပေါ့ဗျာ၊ အဲဒါတွေကိုတော့ ကျနော် တို့အဖွဲ့အနေနဲ့ သဘောမကျဘူးဗျ၊ ဥပမာဆို အခုတပ်ပိုင်းက ဒီကျနော်တို့ လွန်ခဲ့တဲ့ မကြာခင်တုန်းကပေါ့ဗျာ ချမှတ်လာတဲ့ တပ်ပိုင်းတပ်မှူးအချို့ပေါ့ဗျာ၊ အရှေ့မြောက်တိုင်း အဲဒီဂွင်ထဲကနေပြီးတော့မှ ထုတ်ပြန်လာတဲ့ သဘောထားတွေလေ အဓိကအားဖြင့်ကတော့ တပ်စခန်းအသစ် တိုးချဲ့ချမှတ်ခြင်းမပြုရေး၊ တပ်သားသစ်မစုဆောင်းရေး လက်နက်ခဲယမ်း စုဆောင်းရောင်းဝယ်ဖြည့်စွက်ခြင်း မလုပ်ရေးဆိုတဲ့ ကိစ္စတွေရယ်၊ နောက်ပြီးတော့မှ လူထုတွေဆီမှာပေါ့ဗျာ အခွန်အကောက် မကောက်ခံရေ စတဲ့အချက်တွေပါတယ်ဗျ "

အဲဒီအချက်တွေဟာ အရင်ကမရှိခဲ့ဘဲ အခုမှထပ်ထုတ်တာဖြစ်ပြီး၊ ဒါကို မွန်ပြည်သစ်ပါတီအနေနဲ့ လက်ခံလိုက်မယ်ဆိုရင် အင်အားနည်းပြီး ပျောက်ဆုံးသွားမှာဖြစ်တာကြောင့် လက်မခံနိုင်ကြောင်းနဲ့ အခြားသော လက်နက်ကိုင်အဖွဲ့တွေလည်း ဒီအတိုင်းပဲခံယူတယ်လို့လည်း သူကပြောပါတယ်။

အခုချမှတ်လိုက်တဲ့ သဘောထားတွေကိုလည်း Nationwide Cease-fire Coordinating Team (NCCT) ကို ပြန်လည်တင်ပြမှာဖြစ်ပြီး အဖွဲ့ပေါင်းစုံရဲ့သဘောထားတွေကို စုစည်းပြီးတော့မှ လာမယ့်ဒီဇင်ဘာမှာ ကရင်နယ်မြေအတွင်းပြုလုပ်မယ့် တိုင်းရင်းသားခေါင်းဆောင်တွေ ညီလာခံကနေတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်၊ တိုင်းပြည်မှာ အဓိကကျတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပတ်သက်လို့ အားလုံးစေတနာမှန်မှန် လုပ်ဆောင်ဖို့လိုတယ်လို့လည်း နိုင်ဟံသာက အခုလိုပြောပါတယ်။

" ကနေ့အနေအထားမှာပေါ့ဗျာ ကျနော်တို့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေးပြဿနာကို ကျနော်တို့က အေးအေးချမ်းချမ်းနဲ့ တစ်ဘက်ကတန်းတူရည်တူ လွပ်လွပ်လပ်လပ်နဲ့ ဒါကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ဟာလေ ဒါကတော့ ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက်ကတော့ ဒါအဓိကကျတဲ့ ကိစ္စဖြစ်တယ်။ ဒီကိစ္စအပေါ်မှာ တာဝန်ရှိသူ အားလုံးပေါ့ဗျာ။ စေတနာမှန်မှန်နဲ့ ဒါလုပ်ကိုင်သွားကြဖို့ ကျနော်ကတော့ အဲဒီလို တိုက်တွန်း လိုပါတယ်ဗျ "

ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ကော်မတီဝင်များနဲ့ ပါတီအကြံပေး ၅ ဦးအပါအဝင် လူဦးရေ ၄၀ ခန့် တက်ရောက်ကြပါတယ်။ ဒီအစည်းအဝေးကနေ ပြီးခဲ့တဲ့ဇွန်လက ကွယ်လွန်သွားခဲ့တဲ့ ဒုဥက္ကဌ နိုင်ရဿ(နိုင်ရောစ) နေရာကို အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့အစားထိုးခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးနဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် နိုင်အောင်မင်းနဲ့ ဗိုလ်ချုပ်ကျော်ယဲတို့ကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်၊ ဒါ့အပြင် မကြာမီကာလမှာ မွန်အမျိုးသားညီလာခံတစ်ခုကျင်းပသွားဖို့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။