ကျောင်းသားတွေ လွတ်မြောက်ရေးဆောင်ရွက်ဖို့ လွှတ်တော်ကို NNER တောင်းဆို

0:00 / 0:00

0:00 / 0:00

0:00 / 0:00

ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် အမျိုးသားလွှတ်တော် က ဆောင်ရွက်ပေးဖို့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့က ဒီကနေ့ ကြားနာပွဲမှာ တောင်းဆိုလိုက်ပါတယ်။

NNER ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင် က နေပြည်တော် အမျိုးသားလွှတ်တော်မှာကျင်းပနေတဲ့ ပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲမှာ တောင်းဆိုခဲ့ တာဖြစ်ပါတယ်။

"ဒီကြားနာပွဲဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘော တူညီချက်ကနေဖြစ်လာတယ်၊ လေးပွင့်ဆိုင် အစည်းအဝေးကလည်း ကျောင်းသားတွေတောင်း ဆိုလို့ ဖြစ်လာတဲ့အချိန်မှာ ကျောင်းသားကိုယ်စား လှယ်တွေ မပြည့်စုံတဲ့အချိန်မှာ ကျောင်းသားတွေနဲ့ အစိုးရရဲ့ကြားမှာ ပြေလည်အောင်ဆောင်ရွက်ပေးချင် တဲ့ဆန္ဒရှိတယ်၊ ဒီနေ့ ကျနော်တို့တက်ရောက်ပေမယ့် လည်း စိတ်မကောင်းဖြစ်ရပါတယ်၊ ဒီနေ့ ပညာရေး ဥပဒေပြင်ဆင်ဖို့အတွက် ဆွေးနွေးဖို့ဖြစ်လာတာက ကျောင်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုကြောင့်ဖြစ်လာတာပါ၊ ဒီလိုဆန္ဒပြတောင်းဆိုတဲ့ကျောင်းသားတွေ ဒီနေ့အချိန်မှာ ရိုက်နှက်ခံရတယ်၊ ဖမ်းဆီးခံရတယ်၊ ထောင်ထဲရောက် သွားကြတဲ့အပေါ်မှာ ကျနော်တို့ စိတ်မကောင်းဖြစ်ပါတယ်၊ ကျောင်းသားတွေဟာ ပညာရေးပြုပြင်ပြောင်းလဲ ဖို့ စေတနာကောင်းနဲ့ ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် ကျောင်းသားတွေ ပြန်လည်လွတ်မြောက်နိုင်ဖို့ကိုလည်း အမျိုးသားလွှတ်တော်က ပုဂ္ဂိုလ်များကနေပြီးတော့မှ စေတနာကိုရှေ့ထားပြီးတော့ ဆောင်ရွက်ပေးစေချင်ပါတယ်"

ဒါ့အပြင် ကျောင်းသားသပိတ်စစ်ကြောင်းကို မတ်လ ၁၀ရက်နေ့က အကြမ်းဖက်ဖြိုခွင်းတာဟာ လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အစိုးရက ချိုးဖောက်တာဖြစ်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒီနေ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ NNER ကိုယ်စားလှယ် ၂၈ ဦးဟာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ဖဲကြိုးအနက်တွေ ရင်ဘတ်မှာဝတ်ဆင်ပြီး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကြားနာပွဲမှာ လူတိုင်းအကျုံးဝင် ပညာရေးရရှိဖို့၊ မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်ရရှိဖို့၊ တက္ကသိုလ်ကျောင်းတွေကို ဗဟိုချုပ်ကိုင်မှုလျှော့ချနိုင်ဖို့ စတဲ့အချက်တွေကို အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားတာနဲ့ ပတ်သက်ပြီး NNER ကိုယ်စားလှယ်တွေက ကြားနာပွဲမှာ ရှင်းလင်းဆွေးနွေးခဲ့ ပါတယ်။

ကြားနာပွဲအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကြားနာပွဲနဲ့ပတ်သက်လို့ NNER အဖွဲ့က ဒေါက်တာသိန်းလွင်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

တဆက်တည်း အမျိုးသားလွှတ်တော်မှာ မနေ့ကကျင်းပတဲ့ ပညာရေးဥပဒေပြင်ဆင်ရေးကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။