RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ် ဧပြီ ၂၅ ရက် တနင်္လာနေ့က အခုလိုပြောတာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် လုံခြုံမှုမရှိနိုင်မဲ့ အခုလိုအချိန်မျိုးမှာ ထိုင်းအစိုးရက သူတို့ကို မြန်မာပြည် ပြန်ပို့လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး၊ အဲဒီလို အခြေအနေမျိုး ရှိနေတယ်ဆိုတာ ထိုင်းအစိုးရက သဘောပေါက် နားလည်မယ်လို့ ကျနော်တို့ ထင်ပါတယ်၊ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်မပို့ဖို့ ထိုင်းအစိုးရကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းနေပါတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Schwartz က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တွေကို ပြန်ပို့တော့မယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် နယ်စပ်ဒုက္ခသည်တွေအကြား စိုးရိမ်မကင်းဖြစ်ခဲ့ရပါတယ်၊
ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံက ဒုက္ခသည် တသိန်းခွဲနီးပါး ရှိပြီး အဲဒီ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရကအခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီ ထောက်ပံ့ခဲ့ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
