မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ရေရှည် တည်တန့်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အချိန်ယူရ မှာဖြစ်ကြောင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက် ရှိနေတဲ့ နော်ဝေဘုရင် Harald က ဒီနေ့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ နိုင်ငံရေး ပါတီက ကိုယ်စားလှယ်တွေ၊ ကျောင်းသားလူငယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို မိန့်ခွန်းပြောကြား ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နော်ဝေဘုရင်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီရရှိရေးတွေ ရရှိဖို့ကြိုးပမ်းနေတာကို သိရတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့သူ ကရင်အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောဒေးဗစ်ထော ကိုဂုဏ်ပြုတဲ့ "David Taw" ပညာသင်ဆုကို လည်း နော်ဝေအစိုးရက တည်ထောင်လိုက်ပြီး ထောက်ပံ့ကူညီသွားမယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။
အဲဒီ ပညာသင်ဆုက ရန်ကုန်တက္ကသိုလ်မှာ သမိုင်းနဲ့ လူမှုဆိုင်ရာ ဘာသာရပ်တွေအတွက် ဘွဲ့ကြိုတန်းနဲ့ ဘွဲ့လွန်တန်းတွေ တက်ရောက်လိုသူ ကျောင်းသူ ကျောင်းသားတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
နော်ဝေနိုင်ငံရဲ့ ပဉ္စမမြောက်ဘုရင် ဟာရယ်ဟာ မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
နော်ဝေနိုင်ငံဘုရင်ပြောကြားခဲ့တဲ့မိန့်ခွန်းကို RFA သတင်းထောက် မစန်းမော်အောင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။