ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေ တောင်းဆိုနေပမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ ဖျက်သိမ်းဖို့ မသင့်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျွန်းစုမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က ဒေသခံတွေ လက်မှတ်ရေးထိုးကန့်ကွက်နေ တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံ ကိန်းတွေကို ဖျက်သိမ်းပေးဖို့ ရှိ မရှိ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ဖြေကြားခဲ့တာဖြစ် ပါတယ်။
"၂၀၃၀၊ ၂၀၃၁ ခုနှစ်မှာ တစ်နိုင်ငံလုံး ကျေးလက်ဒေ သ မကျန် ဓာတ်အားရရှိနိုင်ရေးအတွက် ၂၃၅၉၄ မဂ္ဂါဝပ်ရှိတဲ့ စက်များတပ်ဆင်ရန် တည်ဆောက်နိုင်ဖို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား၊ မှန်ကန်သော အရင်းအမြစ် အချိုးအစားဖြင့် ဓါတ်အားထုတ်လုပ်နိုင်ရန် လိုအပ်လျှက်ရှိပါတယ်၊ ကျောက်မီးသွေးသုံး ဓာတ်အားစီမံကိန်းများကို ဖျက်သိမ်းရန်လည်း မသင့်ပါကြောင်းနဲ့ တနင်္သာရီတိုင်း ဒေသကြီးတွင်းမှာရှိတဲ့ စီမံကိန်း ၄ ခုဟာ လေ့လာစိစစ်နေတဲ့အဆင့်သာဖြစ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံး ပြည်သူများအားလုံး နားလည်သဘောပေါက်အောင် သဘောတူလက်ခံပေးနိုင်ပါရန် ဆွေးနွေး တင်ပြ ဖြေကြားအပ်ပါတယ်"
မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဆောက် လုပ်ပြီးစီးသွားတဲ့ ဓာတ်အားပေး စက်ရုံကြောင့် ဒေသခံတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရကြောင်း တင်ပြခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄၃ ရုံကနေ ပြည်သူ ၃၀ ရာခိုင်နှုန်း အတွက်ကိုသာ လျှပ်စစ် မီးပေးနိုင်သေးတယ်လို့ သိရပါတယ်။
