တိုက်ပွဲတွေကြောင့် မိုင်းရှူး မှာ ရွေးကောက်ပွဲကျင်းပဖို့ မသေချာဖြစ်နေ

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည် မြောက်ပိုင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမယ်ဆိုရင် အဲဒီမြို့နယ် ထဲက မဲရုံတွေကို လုံခြုံရတဲ့နေရာတွေဆီ ပြောင်းရွှေ့ဖို့ စဉ်းစားရ မယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

မိုင်းရှုးမြို့နယ်ထဲက တာဆန်ပူးနဲ့ ဝမ်ဆော့ကျေးရွာတွေအနီးမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး ကော်မ ရှင်အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ မဲပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှမ်းပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်က ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင်မြင့် က ပြောပါတယ်။

"ဒီနေရာဒေသတွေမှာ လုံခြုံရေးကိုတော့ အပြည့်အဝထားပြီးဆောင်ရွက်ဖို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော် မတီကနေလည်းဆောင်ရွက်နေတာတွေ ရှိပါတယ်၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူမဲပေးလို့ရအောင်တော့ ကျနော်တို့ကဆောင်ရွက်နေတာလေးတွေရှိပါတယ်၊ တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေမယ်ဆိုရင်တော့ နောက်ဆုံးလုပ်နိုင်တဲ့ အနေအထားကတော့ မဲရုံတွေကို ရွှေ့ပြောင်းထားရမယ့် သဘော သက်ရောက် သွားပါလိမ့်မယ်"

မိုင်းရှူးမြို့နယ်မှာ မဲရုံပေါင်း ၃၄ ရုံရှိပြီး မဲဆန္ဒရှင် ငါးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဲရုံလုံခြုံရေး အတွက် သက်ဆိုင်ရာရဲဝန်ထမ်းတွေအပြင် တပ်မတော်က အင်အားထပ်ဖြည့်ပေးဖို့ ရွေးကောက်ပွဲလုံခြုံရေးဆိုင် ရာကော်မတီထံ တင်ပြထားတယ်လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး အဲဒီဒေသမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ရင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် အရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာ ဒါမှမဟုတ် အဲဒီတိုက်ပွဲဖြစ်တဲ့နေ ရာတွေမှာ ရွေးကောက်ပွဲ မကျင်းပတော့ ဘဲ ပယ်ဖျက်နိုင်တဲ့အထိ လုပ်ဆောင်နိုင်ကြောင်း လည်း ပြောပါတယ်။

မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက် ၂၀ နီးပါးရှိပြီဖြစ်ကာ စစ်ဘေးကြောင့် တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် သုံးထောင်နီးပါးရှိနေပြီလို့ သိရပါတယ်။

ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင်မြင့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။