နိုင်ငံတော် စီမံကိန်းအနီးက ကျူးကျော်ဈေးကို အမြန်ဖယ်ရှားခိုင်း

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ နိုင်ငံတော် ဧည့်ဂေဟာ သံတမန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတွေနားက တောင်ကြားဈေးဟာ ကျူးကျော်ဈေးဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမယ်လို့ သိရပါတယ်။

အဲဒီလို ဖယ်ရှားမပေးရင် စည်ပင် ဥပဒေပုဒ်မ ၂၆ နဲ့ ထောင်ဒဏ် ၃ လချမယ်လို့ ဈေးသည်တွေကို အကြောင်းကြားထားပါတယ်။

အခုလို တစ်ပတ်အတွင်း ဖယ်ပေးရမယ်ဆိုရင် ကလေးတွေပညာရေး အခက်အခဲဖြစ်မယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ လုပ်သား အင်အားက ၈၀၀ နီးပါးလောက် အထိ ရှိသလို အခုဈေးသည်ဆိုသူတွေထဲမှာ သူတို့မိသားစုဝင်တွေလည်း ဈေးရောင်းတာရှိပြီး၊ ရပ်နီး ရပ်ဝေး ဈေးသည် စုစုပေါင်း ၅၀ နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာသံတမန် အိမ်ယာတည်ဆောက်ရေးလုပ်ငန်းကို အေဒင်ကုမ္ပဏီ ၊ IGE ကုမ္ပဏီနဲ့ ရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်လျှက် ရှိတယ်လို့ သိရပါတယ်။