ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ဂျပန်အာဏာပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်းတွေနဲ့ အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကိုပို့မယ်လို့ ယူဆရကြောင်းဖေါ်ပြခဲ့ပါတယ်။
ဒီသတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန် ဆီးနိတ်အထက်လွှတ်တော် ရီပါဘလီကင် အမတ် ရစ်ချတ်လူဂါ က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသားမေးမြန်းခဲ့တာဖြစ်ပါတယ်။
မစ္စတာ ရစ်ချတ်လူဂါ ဟာ အမေရိကန်လွှတ်တော် အနုမြူမပျံ့ပွားရေးဆိုင်ရာလုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။