ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့က ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ မှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၂၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အဲ့ဒီသံသယရှိသူတွေကို ဥက္ကံမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ မေလ ၁ ရက်နေ့က ၁၈ ဦး၊ ၂ ရက်နေ့က ၃ ဦးနဲ့ ၄ ရက်နေ့မှာ ၂ ဦး စုစုပေါင်း ၂၃ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ဒီလူတွေဟာ ဥက္ကံမြို့နဲ့ အနီးအနားကျေးရွာတွေ မှာ နေအိမ်ဖျက်ဆီးမှုတွေ၊ ဈေးဆိုင်ခန်းတွေကို လုယက်မှုနဲ့ မီးရှို့မှုတွေမှာ ပါဝင်ပတ်သက် သူတွေ ဖြစ်နိုင်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွေမှာ ၂ နေရာခွဲပြီး စစ်ဆေးနေတယ်လို့ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားပါတယ်။
ဒီကနေ့အထိ ဥက္ကံနဲ့ တိုက်ကြီးမြို့နယ်တွေမှာ ဒေသတည်ငြိမ်ရေးအတွက် ပုဒ်မ (၁၈၈) အမိန့် ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။
ဒီဥက္ကံအကြမ်းဖက်မှုတွေကြောင့် လူ ၁၀ ဦး ဒဏ်ရာရပြီး လူ ၁ ဦး သေဆုံးကာ အိမ်ခြေ ၁၀၀ ကျော်နဲ့ ဆိုင်ခန်း ၂၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။