ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော်ပြန်ခေါ်တဲ့အချိန် ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။ အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။