ကျမ်းကျိန်ဆိုရမဲ့ စာသားနဲ့ ပတ်သက်ပြီး ထပ်မံအကြံပြုချက်တွေကို NLD က သက်ဆိုင်ရာရုံးတွေကို တင်ပြထားပြီးဖြစ်ကြောင်းနဲ့ မကြာခင် ဒီကိစ္စကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို ဥပဒေတစ်ရပ်ကို ပြင်ဆင်နိုင်ဖို့အတွက် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဥပဒေတစ်ရပ်ရဲ့ မူဝါဒဖြစ်တဲ့အတွက် NLD အနေနဲ့ အခုလို ပြောဆိုရတာဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်အထဲမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်” ဆိုတဲ့ စာသားနေရာမှာ “လေးစား လိုက်နာပါမည်” ဆိုပြီး ပြောင်းလဲ ပြင်ဆင်ပေးဖို့ကိစ္စ ညှိနှိုင်းနေဆဲမို့ လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်ဖြစ်မှာ မဟုတ်သေးကြောင်း NLD က ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ထားပါတယ်။