ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားမှု သမ္မတအိုဘားမား ဝေဖန်


2014.11.14
obama-dassk-ygn-305.jpg ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
Photo: Myo Zaw Ko/RFA

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင့်ဟာ ပြီးပြည့်စုံမှုမရှိသေးသလို၊ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားတာဟာ အဓိပ္ပါယ်သိပ်မရှိဘူးလို့ အမေရိကန်သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်း စုကြည်နေအိမ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ရှေ့ဆက်ရမယ့် အပြောင်းအလဲတွေကို အချက် ၅ ချက်နဲ့ တိုင်းတာ ဆုံးဖြတ်သွားမယ်လို့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောသွားခဲ့ပါတယ်။

“သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကဆွေးနွေးရာမှာ မိမိအနေ နဲ့ အချက် ၅ ချက်ကို ရှင်းပြခဲ့ပါတယ်။ ပထမအချက်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်မှာ ကျင်းပနိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့နဲ့ အားလုံးပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း၊ ဒုတိယအချက်က လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အခန်းတချို့ဟာ အဓိပ္ပါယ် မရှိကြောင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ပြည်သူတွေရဲ့ သဘောထားက အရေးကြီးကြောင်း၊ တတိယအချက်အဖြစ် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်အစိုးရအနေနဲ့ အားပေးထောက်ခံကြောင်း၊ ရှေ့ ဆက်ဆွေးနွေး အဖြေရှာဖို့ကိုလည်း တိုက်တွန်းကြောင်း၊ စတုတ္ထအချက်အဖြစ် ဘာသာခြား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာဟာ မြန်မာနိုင်ငံသွားချင်တဲ့ အပြောင်းအလဲ မဟုတ်ကြောင်းနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း၊ ဒါ့အပြင် အစိုးရကို ဝေဖန်ရေးသားတာကြောင့် သတင်းမီဒီယာသမားတွေ ကို ဖမ်းဆီးထောင်ချတာတွေဟာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ထိခိုက်ကြောင်း၊ အဲဒီအချက်တွေ ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးကြောင်း” သမ္မတ ဘားရက်အိုဘားမားက ပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ အကောင်းမြင်လွန်းတာကို လက်မခံကြောင်းနဲ့ အရှိကိုအရှိအတိုင်း မြင်ကြဖို့ ပြောပါတယ်။

“ကျွန်မတို့နိုင်ငံရဲ့ အပြောင်းအလဲဟာ အဖုအထစ်တွေများတဲ့ ခရီးကြမ်းအဆင့်မှာပဲ ရှိနေသေးတယ်။ နိုင်ငံတကာ က မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ဒီအခြေအနေကို ညှိနှိုင်းဆွေးနွေးပြီး ပြောင်းလဲပစ်နိုင်ပါတယ်။ လက်ရှိအခြေ အနေကိုပြောမယ်ဆိုရင် အကောင်းမြင်လွန်းတာနဲ့ အဆိုးမြင်လွန်းတာ နှစ်ခုအကြားမှာ ကြည့်တတ်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာလည်း မြန်မာပြည်သူတွေလိုလားတဲ့ ပန်းတိုင်ကို ရောက်ကိုရောက်ရမယ်ဆိုတာကိုလည်း ယုံကြည်ချက်ထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ အပြောင်းအလဲကို ထောက်ခံအားပေးတဲ့ အမေရိ ကန်နိုင်ငံလို မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့မှာပဲ အမေရိကန်သံရုံးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လူငယ် ၂၀၀ နဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာ ပူးတွဲရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကိုနဲ့ မဇင်မာဝင်းတို့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ မနေ့ညပိုင်းက သီးသန့်တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်လို့ သမ္မတရုံးက အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။