မြန်မာအစိုးရနဲ့ သမ္မတ အိုဘားမာတွေ့ဆုံစဉ်မှာ သူတို့အနေနဲ့ အချက် ၃ ချက်ကို ဖိအားပေးတောင်းဆိုစေချင်ပါတယ်လို့ Freedom House အဖွဲ့ရဲ့အာရှရေးရာ ဒါရိုက်တာ Sue Vaughn က RFA ကိုပြောပါတယ်၊
ပထမဆုံးအနေနဲု့ သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်နေစဉ်အတွင်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ယာက်မကျန် လွှတ်ပေးစေချင်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ကတော့ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေမှာ နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်စံနှုန်းတွေနဲ့အညီ ရိုဟင်ဂျာပြဿနာ ကို တရားဝင်နည်းလမ်းတကျ အကာအကွယ်ပေးကိုင်တွယ်ဖို့ လိုပါတယ်။
တတိယကတော့ ကချင်ပြည်နယ်အပါအ၀င် တခြားတိုင်းရင်းသားဒေသတွေမှာ စစ်တပ်တွေကျူးလွန်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်နေတာတွေ ချက်ချင်းရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်လို့ မစ္စ Sue Vaughn ပြောပါတယ်၊
ဒါ့အပြင် သမ္မတ အိုဘားမား မြန်မာပြည်ကိုသွားမယ်ဆိုတာ အနည်းငယ်အချိန်စောနေသေးတယ်လို့ မြင်ပါတယ်။ မနှစ်ကစလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ စနေပြီဆိုပေမယ့် ပြီးပြည့်စုံတဲ့ အခြေအနေတခုအထိတော့ မရှိသေးပါဘူး။
အပြောင်းအလဲတွေဟာ အနည်းငယ်ဆိုပေမယ့် အကောင်းဖက်ဦးတည်တဲ့ တိုးတက်တဲ့ အပြောင်းအလဲတွေလို့ ကျမတို့ လက်ခံထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နေ့စဉ်လိုလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိနေတာဟာ တကယ့်ကို စိုးရိမ်စရာ အနေအထားတွေမှာပဲ ရှိနေပါသေးတယ်လို့ Freedom House အဖွဲ့ရဲ အာရှရေးရာ ဒါရိုက်တာ Sue Vaughn ပြောပါတယ်။