အမေရိကန် သမ္မတအိုဘားမား ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် အခုလာမယ့် နိုဝင်ဘာလအတွင်း သွားရောက်ပါလိမ့်မယ်။
နယူးယောက်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ (Asia Society Policy Institute) အာရှလူ့ဘောင်မူဝါဒသိပ္ပံ တရားဝင် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က လာမယ့် ဆောင်းဦးရာသီမှာ သမ္မတအိုဘားမားဟာ APEC ခေါ် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှှုဆိုင်ရာ ထိပ်သီးညီလာခံ အပါအဝင် ဒေသဆိုင်ရာညီလာခံတချို့ကို တက်ရောက်ဖို့အတွက် မြန်မာ၊ တရုတ်နဲ့ သြစတေးလျနိုင်ငံတွေကို သွားရောက်မယ် လို့ပြောကြားခဲ့ပါတယ်။ RFA ကရတဲ့ သတင်းအရ သမ္မတ အိုဘားမား ဟာ နေပြည်တော်မှာ လာမယ့် နိုဝင်ဘာ ၉ ရက် သို့မဟုတ် ၁ဝ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ရင်း မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ APEC ထိပ်သီးညီလာခံကိုလည်း အဲဒီရက်ပိုင်း အတွင်းမှာပဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပဖို့ ရှိပါတယ်။
သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို ၂ဝ၁၂ ခုနှစ်နိုဝင်္ဘာလက ပထမအကြိမ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပါတယ်။ အခုလာမယ့် နိုဝင်ဘာလ ခရီးစဉ်အတွင်း မြန်မာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ လတ်တလောဖြစ်ပါွးခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ မငြိမ်မသက်မှှုတွေအပါအဝင် လူ့အခွင့်ရေးဆိုင်ရာပြသနာတွေကို အဓိက ထားဆွေးနွေး ပြောကြားမယ် လို့ မျှော်လင့်ရပါတယ်။
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က မြန်မာပြည်က မငြိမ်မသက်မှှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြသနာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်း နယူးယောက်မြို့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
