သမ္မတ အိုဘားမားဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သီးသန့်တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဦးတည်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်သွားနိုင်အောင် တွန်းအားပေးဖို့ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
“ဒီမိုကရေစီကျင့်စဉ် နဲ့ အညီ ဥပဒေပြုရေး တရားစီရင်ရေး နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ ခိုင်မာအားကောင်းလာရေး ၊ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေး၊ မြန်မာနိုင်ငံသားတွေ အားလုံး တိုးတက်တဲ့ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှုတွေ ရနိုင်ရေး အပြင် စီးပွားရေး အခွင့်အလမ်းတွေ ပိုများလာရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ တွန်းအားပေးသွားဖို့ဖြစ်တယ်လို့" သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အသွင်ကူးပြောင်းရေးမှာ ကြုံတွေ့ရတတ်တဲ့ ကြီးမားတဲ့ အခက်အခဲတစ်ခုကတော့ အောင်မြင်မှုဆိုတာတွေဟာ မသေချာ မရောရာပဲေ၀၀ါးနေခြင်းပဲ ဖြစ်တယ်၊ မိမိတို့အားလုံး အနေနဲ့ မသေချာသေးတဲ့ အောင်မြင်မှုတွေရဲ့ ဆွဲဆောင်မှုတွေကို သတိထား ကြည့်တတ်ဖို့ လိုအပ်ပါတယ်လို့ ပြောခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးချိန်မှာ အမေရိကန်သံရုံးကို ခေတ္တ သွားရောက်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်က ထင်ရှားကျော်ကြားသူတွေ ပါဝင်တဲ့ ပရိတ်သတ် ၁ ထောင် ကျော်ကို မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန် သမ္မတ အိုဘားမားဟာ ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားပြီးနာက် သူရဲ့ အထူးလေယာဉ်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အာစီယမ် အဖွဲ့ဝင်နိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ထိပ်သီးညီလာခံ တက်ရောက်ဖို့ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲက ကောက်နှုတ်ချက် တစ်ချို့ကို RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
| ဒေါ်ခင်ခင်အိ အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲက ကောက်နှုတ်ချက်ကို RFA ၀ိုင်းတော်သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်ပါ။
| ကိုကျော်ကျော်အောင် အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို တက်ရောက်နားထောင်ခဲ့တဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်တွေကို အဲဒီအခမ်းအနားကို တက်ရောက်သတင်းယူခဲ့တဲ့ RFA သတင်းထောက် မအိအိခိုင်က တင်ပြထားပါတယ်။
| မအိအိခိုင် အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |
မြန်မာနိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ အမေရိကန်သမ္မတရဲ့ ခရီးစဉ် သက်ရောက်မှု ဘာတွေရှိမလဲသိရအောင် ရန်ကုန်မြို့ခံပြည်သူအချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက စုစည်းတင်ပြ ထားပါတယ်။
| ကိုကျော်မျိုးထွန်း အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |